MNP - ဇန်နဝါရီ ၇
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးဟာ ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းအတွက် အတည်ပြုဆုံးဖြတ်ပေးမည့် အစည်းအဝေးဖြစ်ကြောင်း၊ ငွေလုံးငွေရင်းဖြင့် အဆောက်အဦဆောက်လုပ်မည်ဆိုပါကမြေနေရာရရှိပြီးမှသာ ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးများအနေဖြင့် မိမိတို့ကြီးကြပ်မှု အောက်မှာရှိသည့် ဌာနများနှင့် နှစ်ပတ်တစ်ခါ တွေ့ဆုံ၍ ရန်ပုံငွေရရှိမှု၊ လုပ်ငန်းအလိုက်ဆောင်ရွက်ပြီးစီးမှု၊ ရန်ပုံငွေထုတ်ယူသုံးစွဲမှုကို တစ်လ တစ်ကြိမ်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြရန်လိုကြောင်း၊ ထိုသို့တင်ပြရာတွင် မှတ်တမ်းဓာတ်ပုံများနှင့်အတူ တည်ဆောက်ရေးကြီးကြပ် စစ်ဆေးမှုကော်မတီ၏ စစ်ဆေးမှုကိုပါ ပူးတွဲရ မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံကိန်းကော်မရှင်အဖွဲ့ဝင်၊ ပြည်နယ်စီးပွါးရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြရာတွင် ဘဏ္ဍာရေးနှစ်အတွင်း အမှန်တ ကယ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုသာ တင်ပြသွားရန် ပြောကြားပြီးဖြစ် သည့်အတွက် အတည်ပြုထားသည့် လုပ်ငန်းစီမံကိန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားပြီးနောက် တက်ရောက်လာကြသော ပြည်နယ်စီမံကိန်း ကော်မရှင်အဖွဲ့ဝင် ပြည်နယ်စီမံကိန်းဦးစီးဌာနမှူးနှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနမှူးတို့က ဆွေးနွေးဆုံးဖြတ်ရမည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီးဦးကျော်ငြိမ်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က အကြံပြု ဆွေးနွေးကြပြီးနောက် ဆုံးဖြတ်ရမည့်အချက်များကို တစ်ခုချင်းစီ ဆွေးနွေးဆုံးဖြတ် ကြကာပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - မောင်တက်လမ်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment