နိုင်ငံသားများ၏ ဥပဒေပါရပိုင်ခွင့်များ မှန်မှန်ကန်ကန် ရရှိရေးကို အလေးထားရန်လိုကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံသားများ၏ ဥပဒေပါရပိုင်ခွင့်များ မှန်မှန်ကန်ကန် ရရှိရေးကို အလေးထားရန်လိုကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၆

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။        

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး က ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs)အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်-၃၀  ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုကဲ့သို့ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ  ပေါင်းစပ်ညှိနှိုင်းရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများအကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ဝန်ကြီးရုံး ဖွဲ့စည်းပုံအဖြစ်  အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းများ စစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ဦးစီးရုံးတို့ကို ထားရှိပြီး E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနစိတ်၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနစိတ်နှင့် ပုဂ္ဂလိက တိုင်ကြားစာများ စိစစ်ဆောင်ရွက်ရေး ဌာနစိတ်တို့ကို အသစ်ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနတစ်ခုအဖြစ် လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး မဟာဗျူဟာစီမံကိန်း ၂၀၂၀-၂၀၂၄ ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် မိမိတို့ ဆောင်ရွက်နိုင်သည့် ကဏ္ဍများကို မိမိတို့၏ နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် အခြားသောဝန်ကြီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဥပဒေအသိပညာများ ရရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီးအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်း၊ ဥပဒေ (မူကြမ်း)များ စိစစ်ပေးရေးတို့တွင် အသုံးပြုကိုးကားနိုင်ရေးအတွက် စီးပွားရေး စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ဥပဒေ(မူကြမ်း) ရေးဆွဲရေး လမ်းညွှန်စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ဖြူးပေးခဲ့ကြောင်း။

မိမိအနေဖြင့် ဥပဒေဘာသာပြန် ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ် စာအုပ်အမှတ် ၉ အဖြစ် ရာဇသတ်ကြီးစာအုပ်ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ရာဇသတ်ကြီးကို ယခင်က အလွတ်သဘော ဘာသာပြန်ဆို သုံးစွဲလျက်ရှိရာမှ ယခုတရားဝင် (Authentic)အဖြစ် ဥပဒေအရ အမိန့်ကြော်ငြာစာဖြင့် ထုတ်ဝေခဲ့ကြောင်း၊  ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်လိုပါက ယခင် Penal Code အား အင်္ဂလိပ်လို ပြင်ဆင်ရန်မလိုတော့ပဲ မြန်မာဘာသာဖြင့် ပြင်ဆင်နိုင်ပြီဖြစ်ကြောင်း၊ အမှုကိစ္စများ ဆောင်ရွက်ရာတွင် အကြံပေးကိစ္စများ၌ သတိထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံသားများ၏ ဥပဒေပါရပိုင်ခွင့်များ မှန်မှန်ကန်ကန် ရရှိရေးကိုလည်း အလေးထားရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ရသည့်အတွက် တရားရုံးစစ်ဆေးဆဲအမှုများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် သက်ဆိုင်ရာ တရားရုံး၊ ဆက်စပ်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနများနှင့် ညှိနှိုင်းပြီးပေါင်းစပ် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ အခက်အခဲများ၊ အမှုများကြန့်ကြာရခြင်းအပေါ် ကျော်လွှားနိုင်ရန်ကိစ္စများ၊ စီမံရေးရာနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ရန် အချက်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)