သာသနာပြုရဟန်းတော်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာပြုရဟန်းတော်များ



နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် နှစ်ခုသည် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကြောင့် ဘွဲ့နှင်းသဘင်မကျင်းပနိုင်ခဲ့ချေ။ ၂၀၂၁ ခုနှစ် ကိုဗစ် ကူးစက်နှုန်းကျသွားမှ အကြွေးပြန်ဆပ်ရသည်။ မနှစ်က မလုပ်ဖြစ်ခဲ့သော (၂၆)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်ကို ၂၈၁၁-၂၀၂၁ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)၌ လည်းကောင်း၊ ယခုနှစ် အတွက် (၂၇)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်ကို ၁၈-၁၂-၂၀၂၁ ရက်နေ့က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) တွင်လည်းကောင်း အသီးသီးကျင်းပနိုင်ခဲ့ပြီဖြစ် သည်။


အပါး ၂၅၀ ပေါ်ထွက်ခဲ့

ဤဘွဲ့နှင်းသဘင်နှစ်ကြိမ်မှ သာသနတက္က သီလ ဓမ္မပါရဂူ Ph.D(Buddhism) ဘွဲ့ရ နှစ်ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ MA(Buddhism) ဘွဲ့ရ ၃၅ ပါး၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddhism) ဘွဲ့ရ ၂၁၃ ပါး ပေါင်း အပါး ၂၅၀ ပေါ်ထွက်ခဲ့သည်။ တက္ကသိုလ်နှစ်ခု စတင်ဖွင့်လှစ် သည်မှ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိဆိုပါ မူ ဂုဏ်ထူးဆောင်ဓမ္မပါရဂူ D.Litt ဘွဲ့ရ ငါးပါး၊ သာသနတက္ကသီလဓမ္မပါရဂူဘွဲ့ရ ၁၄ ပါး၊ သာသန တက္ကသီလ မဟာဓမ္မာစရိယဘွဲ့ရ ၄၇၃ ပါး၊ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရ ၂၅၂၃ ပါး စုစုပေါင်း ၃၀၁၅ ပါးမျှပင် ရှိခဲ့လေပြီ။

ဘွဲ့ယူစာတမ်း တင်သွင်းကြရ

တက္ကသိုလ်တက်နေဆဲ ရဟန်းတော်များသည် ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ၊ ပိဋကတ်ဆိုင်ရာ ပါဠိ၊ ပိဋကတ်ဆိုင်ရာ မြန်မာ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာ စသည့် ဘာသာရပ် ခုနစ်မျိုးကို သင်ကြားကြရပြီး ဘွဲ့ယူစာတမ်း တင်သွင်းကြရသည်။ ပဋိပတ္တိကျင့်စဉ်ကိုလည်း လက်တွေ့ ကျင့်ကြံအားထုတ်ကြရသည်။ အခြေခံဘွဲ့ဖြစ်သော သာသနတက္ကသီလဓမ္မာစရိယ သင်တန်းအောင်မြင်သော်လည်း ချက်ချင်းလက်ငင်း ဘွဲ့မယူကြရပေ။ ရှေးဦးစွာ နယ်စပ်နှင့် တောင်တန်းဒေသ သာသနာပြုစခန်းများသို့ ကြွမြန်း၍  သာသနာပြုတာဝန်ကို နှစ်နှစ်ထမ်းဆောင်ကြရလေသည်။ ထိုတာဝန်ပြီးဆုံးမှ ပြန်လည်ခေါ်ယူ၍  ဘွဲ့နှင်းအပ်ပေးခြင်းဖြစ်သည်။ ထိုရဟန်းတို့နေရာတွင် ဘွဲ့ကြိုအောင်မြင်သော ရဟန်းအသစ်တို့က  သွားရောက်တာဝန်လဲလှယ်ကြသည်။ ဤသို့လျှင် နယ်စပ်နှင့် တောင်တန်းဒေသသာသနာပြုစခန်း တို့၌ရဟန်းမပြတ်ရှိနေသည်။ ဘွဲ့ရရဟန်းတော်တို့၏ စာတွေ့လက်တွေ့ သာသနာ့တာဝန် ထမ်းဆောင်ကြရပုံမှာ အလွန်ပင်ချီးကျူးကြည်ညိုထိုက်လှပေသည်။

ဘွဲ့နှင်းသဘင်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးရှေ့မှောက်၌ ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာ သုံးချက်ပြုကြ ရပါသည်။  

“အရှင်ဘုရားတို့ ပြည်တွင်း ပြည်ပတို့၌ သာသနာပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဆင်းရဲ ချမ်းသာမရွေး ကျေးလက်တောရွာပါမကျန် နေထိုင် သီတင်းသုံး၍ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ကြရန် ကတိပြုနိုင်ပါမည်လားဘုရား” ဟု ပထမကတိသစ္စာကို အဓိပတိဆရာတော်ကြီးက မေးမြန်းရာ ဘွဲ့ခံရဟန်းတော်များက “ကတိပြုပါ၏ ဘုရား” ဟု သံပြိုင်ဖြေကြားသံမှာ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် တစ်အားတက်စရာပင် ဖြစ်လေတော့သည်။


အထင်အရှားသက်သေပြ

သာသနာပြုရဟန်းတော်တို့၏ ဘဝမှာ ယေဘုယျအားဖြင့် ဆင်းရဲကြသည်။ အခက်အခဲ အမျိုးမျိုး တွေ့ကြုံရသည်။ ခရီးလမ်းပန်းမသာချေ။ ရာသီဥတုကြမ်းသည်။ ဆွမ်းကွမ်းခက်ခဲသည်။ ရောဂါဘယနှင့် သားရဲအန္တရာယ်ထူပြောသည်။ တစ်ခါတစ်ရံ ဘာသာစကားမပေါက်။ ရဟန်းတော် တို့သည် ဒုက္ခဆင်းရဲကိုသည်းခံတော်မူ၍ ထေရဝါဒ ဗုဒ္ဓသာသနာပြန့်ပွားအောင် သာသနာပြုတော်မူ ကြသည်။ ရဟန်းတော်တို့၏ သာသနာပြု တာဝန်ကျေပွန်မှုကို တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသော ဗုဒ္ဓအဆုံးအမကို ကူးပြောင်းခံယူလာသူ အရေအတွက်က အထင်အရှားသက်သေပြသည်။

နယ်စပ်နှင့် တောင်တန်းဒေသ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သာသနာပြုဌာန ပေါင်းမှာ ကချင် ၂၈၊ ကယား ၄၆၊ ကရင် ၁၆၊ ချင်း ၁၅၉၊ စစ်ကိုင်း ၉၉၊ တနင်္သာရီ ၅။ နေပြည်တော် ၁၊ မကွေး ၁၁၊ မန္တလေး ၁၊ မွန် ၃။ ရခိုင် ၉၀၊ ရှမ်း-ရှေ့ ၇၆၊ ရှမ်း-တောင် ၃၁ ၊ ရှမ်းမြောက် ၄၄ စုစုပေါင်း ၆၁၀ ဖြစ်သည်။ ဤသာသနာပြုဌာနများတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များမှ ဘွဲ့မယူမီစေလွှတ်ထားသော ရဟန်းတော်များအပြင် ထေရဝါဒဗုဒ္ဓ သာသနာပြုဩဝါဒါစရိယအဖွဲ့က စေလွှတ်ထားသော စေတနာ့ဝန်ထမ်း ဆန္ဒပြုရဟန်းတော်များနှင့် ဒေသခံရဟန်းတော်များလည်း ပါဝင်ပေရာ ထိုရဟန်းတော်များ၏ သာသနာပြုသက်တမ်းမှာ ရှည်လျားကြပြီဖြစ်ပေသည်။ ယမန်နှစ်က စာရင်းအရ သာသနာပြုသက်တမ်းအလိုက် ဖော်ပြရလျှင် သာသနာပြုသက်တမ်း ၁၀ နှစ်အောက်ရဟန်းတော်များ ၂၄၈ ပါး၊ သာသနာပြုသက်တမ်း ၁၀ နှစ်နှင့် အနှစ် ၂၀ ထိ ရဟန်းတော်များ ၁၂၁ ပါး၊ သာသနာပြု သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ထိရဟန်းတော်များ အပါး ၈၀၊ သာသနာပြုသက်တမ်း နှစ် ၃၀ အထက် ရဟန်းတော်များ ၁၂ ပါး စုစုပေါင်း ၄၆၁ ပါးရှိပေသည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကိုးတိုင်းကိုးဌာနသို့ သာသနာပြုရန် ကြွမြန်းကြကုန်သော ရဟန်းတော်များကဲ့သို့ ယနေ့ ပစ္စက္ခကာလတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ ဘွဲ့ခံရဟန်းတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ကစေလွှတ်သောရဟန်းတော်များ နှင့် မိမိဆန္ဒအလျောက် သာသနာပြုတာဝန်ကို ထမ်းဆောင်ကြသော ရဟန်းတော်များသည် နိုင်ငံတော်၏ နယ်စပ်နှင့်တောင်တန်းဒေသများတွင် သာသနာပြုလျက်ရှိကြပေသည်။ အထက်တွင် ရေးသားခဲ့သော အခက်အခဲအမျိုးမျိုးကိုသာမက အသက်အန္တရာယ်ကိုပင် ယနေ့ရင်ဆိုင်နေကြရ ပေသည်။

သာသနာတော်အတွက် မတွန့်မဆုတ် တာဝန်ထမ်းဆောင်နေကြကုန်သော သာသနာပြု ရဟန်းတော်များအတွက် ပစ္စည်းလေးပါးလှူဒါန်းလိုသူ၊ ပဒေသာပင်စိုက်ထူလှူဒါန်းလိုသူ သာသန ဒါယကာ၊ ဒါယိကာမများသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။    ။


ကေကေ(မဟာဝိဇ္ဇာ)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)