MNP - ဇန်နဝါရီ ၆
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးဘောလုံးအားကစ ကားသမားများအား တွေ့ဆုံအားပေးပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ အသင်းအုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က အမျိုးသမီးဘောလုံး အားကစားသမားများနှင့်တစ်ဦးချင်းမိတ်ဆက်ပေးပြီး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ''တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပဖို့ ရက်အနည်းငယ်သာလိုတော့တာဖြစ်တဲ့အတွက် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ အားကစားနည်းပညာရပ်ပိုင်းဆိုင်ရာများ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါကြောင်း၊ဒီပြိုင်ပွဲမှာ ပြည်ထောင်စုနယ်မြေအတွက် ထူးချွန်တဲ့အားကစားသမားတွေ ဖြစ်တယ်ဆိုတာကို ပြသနိုင်တဲ့အခွင့်အရေးတွေလည်း အပြည့်အဝရှိပါကြောင်း၊ ကစားသမားများရဲ့ စိတ်ဓာတ်၊ စည်းကမ်းနဲ့ နည်းစနစ်ပိုင်းလေ့ကျင့် ဆောင်ရွက်နေမှုတွေကိုလည်း အားရကျေနပ်မှုရှိပါကြောင်းနှင့် ပြည်ထောင်စုနယ်မြေကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ အားကစကားသမားတွေအနေနဲ့ ကစားသမားကောင်းစိတ်ဓာတ်နဲ့ တရားမျှတ သန့်ရှင်းစွာ ကြိုးစားယှဉ်ပြိုင်ပြီး ပြည်ထောင်စုနယ်မြေရဲ့ ဂုဏ်ကိုမြှင့်တင်နိုင်ကြမဲ့သူတွေ ဖြစ်တယ်ဆိုတာကို အပြည့်အဝယုံကြည်ပါကြောင်း '' အားပေးအမှာစကားပြောကြားသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် နေပြည်တော် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းတွင် လေ့ကျင့်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
သတင်း - ခန့်ဝင်းကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment