MNP ၊ ဇန်နဝါရီ - ၆
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများ ရှိလာပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ထွက်ပြေးတိမ်းရှောင်နေသူများမှာ မိမိတို့နေရပ်အသီးသီး သို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။
ထိုသို့ဝင်ရောက်လျက်ရှိရာ ယနေ့တွင် မယ်ထော်သလေး ကျေးရွာသို့ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၈၃ ဦးသည် ၎င်းတို့နေရပ်သို့ အသီးသီး ထပ်မံပြန်လည် ဝင်ရောက်လာကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ယနေ့ အထိ လေးကေ့ကော်ဒေသအတွင်းရှိ ကျေးရွာများသို့ အမျိုးသား ၃၁၅၃ ဦး၊ အမျိုးသမီး ၃၅၅၃ ဦး၊ စုစုပေါင်း ၆၇၀၆ ဦး နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ လက်ခံခဲ့ကာ သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကိုလည်း စနစ်တကျဆောင်ရွက်ပေးပြီး အခြားလိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment