MNP - ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဖျက်ဆီးမှုဆောင်ရွက်နိုင်ရန် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဇန်နဝါရီ ၇ ရက်မှစတင်၍ ပူးပေါင်းစစ်ကြောင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဖျက်ဆီးရာတွင် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၁)သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက နောင်ကျေးရွာ၏ အရှေ့တောင်ဘက် (၅)မိုင်ကျော်ခန့်အကွာ တောင်ကမ်းပါးယံတွင် စိုက်ပျိုးထားသော အမြင့် ၁ ပေကျော်ခန့်ရှိ ဘိန်းခင်း ၂ ဧကခန့်၊ အမြင့် ၂ ပေခွဲ၊ ၃ ပေရှိ ဘိန်းခင်း ၂ ဒသမ ၅ ဧကခန့်နှင့် အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၃ ဧက စုစုပေါင်းဘိန်းခင်း ၇ ဒသမ ၅ ဧက ကိုလည်းကောင်း၊ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် တင်ပြင်းကျေးရွာ၏ မြောက်ဘက် ၁ မိုင် ၄ ဖာလုံခန့်အကွာ တောင်ကမ်းပါးယံတွင် စိုက်ပျိုးထားသော အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၆ ဧကကိုလည်းကောင်း၊ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့င်များပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၂)သည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ရေဖြူကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ တောင်ကမ်းပါးယံတွင် စိုက်ပျိုးထားသောအမြင့် ၂ ပေခွဲခန့်ရှိ (သီးပွင့်ဆဲ) ဘိန်းခင်း ၁ ဒသမ ၅ ဧကခန့်ကိုလည်းကောင်း စုစုပေါင်း ဘိန်းခင်း ၁၅ ဧကခန့်ကို ပူးပေါင်း၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်းနှင့် ဆက်လက်၍ ရှာဖွေဖျက်ဆီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မယု
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment