MNP - မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ့ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလိုကြောင်းနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပေါင်းစပ်ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ ဗဟိုမဏ္ဍပ် တည်ဆောက်မည့်အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာကော်မတီများအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - နီနီဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment