MNP - ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိသားစုအပိုဝင်ငွေရရှိရေး အတွက် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ကြရာ အင်ရောင်းကျေးရွာတွင် ဆပ်သွားဖျာ တစ်ပိုင်တစ်နိုင် ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
ဖျာယက်လုပ်ရာတွင် အသေး၊ အလတ်၊ အကြီးဟူ၍ (၃)မျိုးယက်လုပ်ကြကြောင်း၊ အနံ(၃)ပေ၊ အလျား(၇)ပေ ဖျာအသေးတစ်ချပ်လျှင် ငွေကျပ်(၁)ထောင့်ငါးရာကျပ်၊ အလတ်တစ်ချပ်လျှင် ငွေကျပ် (၂)ထောင့် ငါးရာကျပ်၊ အကြီးတစ်တစ်ချပ်လျှင် ငွေကျပ်(၃)ထောင့်ငါးရာကျပ်နှုန်းဖြင့် ဖျာများကို နေအိမ်၌ပင် လာရောက်ဝယ်ယူကြကြောင်း၊ လက်လီရောင်းချပါက နေရာဒေသအပေါ်မူတည်ပြီး ဖျာအသေးတစ်ချပ်လျှင် ငွေကျပ်(၃)ထောင်မှ (၅)ထောင်ကျပ်အထိ ရောင်းချရကြောင်း၊ အင်ရောင်း ကျေးရွာမှ ဖျာပွဲစားဦးမြင့်ဇော်က ပြောပြ၍ သိရသည်။
ဖျာယက်လုပ်ရာတွင် ကျွမ်းကျင်ပါက လူတစ်ဦးလျှင် တစ်ရက်ဖျာအကြီး(၄)ချပ်မှ(၅)ချပ်အထိ ရက်လုပ်ပြီးစီးကြောင်းနှင့် ဖျာယက်လုပ်သည့် ဆပ်သွားပင်များ ကိုယ်တိုင်စိုက်ပျိုးပြီး ဖျာရက်လုပ် ရောင်းချပါက တစ်နေ့တစ်ဦးဝင်ငွေ ကျပ်(၁)သောင်းခွဲဝန်းကျင်ခန့် ရရှိသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နာယ်ပို့စ်
No comments:
Post a Comment