MNP - ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဧပြီလ ၂ ရက်နေ့က နတ်တလင်းမြို့နယ် ချင်းကုန်းကံကျေးရွာအုပ်စု၊ ကုက္ကိုလ်မြောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးက ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအနေဖြင့် နွေစပါးလျာထားချက်ကို ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ကြိုးစားဆောင်ရွက်စေရေး၊ ကျေးရွာလုံခြုံရေးကိစ္စများကို ဂရုစိုက်စေရေး၊ လျှပ်စစ်မီးလင်းရေးကိစ္စတို့ကို ဆွေးနွေးပြောကြားပြီး၊ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌမှ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment