MNP - ဧပြီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မန္တလေးမျိုး ကိုင်းဆက် ပတ္တမြား ငမောက် သရက်ပင်မျိုးများ စမ်းသပ် စိုက်ပျိုးရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
လွန်ခဲ့တဲ့ (၃)နှစ်ခန့်က သရက်ကိုင်းဆက်တစ်ပင်လျှင် ၆၅၀ဝ ကျပ်ဖြင့်မန္တလေးသို့ တိုက်ရိုက်မှာယူ စိုက်ပျိုး ခဲ့ကြောင်း တောင်သူဦးဖေမြင့်က ပြောပါသည်။
သရက်ချောင်းမြို့နယ်တွင် မိုးရာသီသစ်ပင် စိုက်ပျိုးသည့်ကာလ၌ ဒူးရင်းပင်၊ မင်းကွတ်ပင်၊ စိန်တစ်လုံးသရက်၊ ကွမ်းသီးပင်များနှင့် ရာသီအလိုက် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ယခုအခါ မန္တလေးမျိုး ပတ္တမြားငမောက် သရက်ပင်များပါ စိုက်ပျိုးလာကြသည်။
သရက်ချောင်းမြို့၊ မြို့မရပ်ကွက်နေ မန္တလေးမျိုး ပတ္တမြားငမောက် သရက်ကိုင်းဆက်ပင်များ စိုက်ပျိုးထားသူ ဦးဖေမြင့်အား တွေ့ဆုံမေးမြန်းရာ ဒီနှစ် ဥယျာဉ်ခြံထဲမှာ အပင်တော်တော်များ စသီးတယ်။ အပင်ခုနှစ်ဆယ်ကျော် စီးပွားဖြစ် စိုက်ပျိုးထားကြောင်းနှင့် ကိုင်းဆက်သရက်ပင် တစ်ပင်လျှင် သန်မာသော အသီးများကိုသာရွေးချယ် အသီးတင်စေပြီး ကျန်သည့်အသီးများကို ငယ်ရွယ်စဉ်ကပင် ခြွေပစ်လိုက်ရကြောင်း ၎င်းကရှင်းပြသည်။
ဒေသထွက်သရက်သီးများ ဆွတ်ခူးရောင်းချနေပြီဖြစ်သော်လည်း မန္တလေးမျိုး ပတ္တမြားငမောက် သရက်သီးကို ဇူလိုင်လလောက်မှ စတင်ဆွတ်ခူးနိုင်မှာဖြစ်ပြီး ပတ္တမြားငမောက် သရက်သီး အမှည့်တစ်လုံးကို တစ်ထောင်ကျပ်အထိ ရောင်းချရသဖြင့် သရက်ပင်တစ်ပင်ကို အနည်းဆုံး ကျပ်ငါးသောင်းမှ ခုနှစ်သောင်းအထိ ဝင်ငွေရရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ဧပြီလမှ သြဂုတ်လလောက်အထိ ဒေသသရက်သီးများ ပေါများပြီး စီးပွားဖြစ်တွက်ခြေကိုက်သော မန္တလေးမျိုး ပတ္တမြားငမောက်ကိုင်းဆက် အပင်များကို တစ်ပင် နှစ်ပင်မှသည် အပင်ငါးဆယ် တစ်ရာအထိ စီးပွားဖြစ်စမ်းသပ် စိုက်ပျိုးရာ အောင်မြင်လျက် ရှိကြောင်း သိရသည်။
သတင်း - နန်းခလိုက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment