MNP - မေ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်း က ကံမမြို့နယ်သို့ ရောက်ရှိ၍ မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နတ်မီးတောက်-ပုထိုး မြေသားလမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ခန်းမတွင် တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကံမမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကံမမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက ဒေသဆိုင်ရာ အချက်လက်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြပြီးနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လမ်းပမ်းဆက်သွယ်ရေး ရေရရှိရေးတို့အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က ပညာရေး၊ ကျန်းမာရေး အားကစားနှင့် လူငယ်ရေးရာ ဖွံ့ဖြိုးရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား EIA စနစ်ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ တင်ပြမှုများအား ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန် ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရေးအတွက် အဓိကထား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဌာနအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရန် တီထွင်ကြံဆ ထိုးဖောက်လုပ်ကိုင်ကြရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ မဒေးဆည်ရေသောက် နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ စပါးအထွက်နှုန်း ကောင်းမွန်စေရေး စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ကျော်ဇေယျဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment