MNP - မေ ၂
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှဦးစီး၍ မီးသတ်တပ်ဖွဲ့များနှင့်မိသားစုဝင်များ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ယနေ့နံနက်(၅)နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဘုရားကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအားရေသပ္ပာယ်ခြင်း၊ ဘုရားပန်း/ရေလဲလှယ် ဆောင်ရွက်ပေးခြင်း၊ ဘုရားကြီးဝင်းအတွင်းလမ်း ဘေးဝဲယာရှိအမှိုက်သရိုက်များနှင့် မြက်ပင်များအား ရှင်းလင်းခြင်း၊ ပေါင်းမြက်များအားမြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်များအား သယ်ယူစွန့်ပစ်ပေးခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment