MNP - မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် KBZ ဘဏ်သို့ ငွေများအပ်နှံရန်လာရောက်စဉ် အဆိုပါဘဏ်ရှေ့၌ မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က လုယက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကိုနေဂျူးထိုက်(၂၉)နှစ်၊ (ဘ)ဦးခင်မောင်ပိုသည် ညီမဝမ်းကွဲတော်စပ်သူနှင့်အတူ မြို့သစ်(၃)ရပ်ကွက်၊ ၆၄ လမ်း x ၁၁၀ လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂၅)သို့ မြန်မာငွေစက္ကူရောရာ (၉၈,၈၇၅,၅၀၀)ကျပ်အား အပ်နှံရန်သွားရောက်စဉ် Mark-II 99 အဖြူရောင် ယာဉ်(၁)စီးမှ ဘဏ်ရှေ့ ၆၄ လမ်းပေါ်တွင် ရပ်တန့်ကာ ယာဉ်ပေါ်ပါ Mask များတပ်ဆင်ထားသည့် အမည်မသိအမျိုးသား လူငယ်(၂)ဦးမှ ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်၍ ဆင်းလာပြီး ငွေများထည့်ယူလာသည့် ဆာလာအိတ်အား လုယူ၍ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ပြီး ၁၁၀ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း၊ လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၁၁) နယ်မြေရဲစခန်းမှ တရားခံများ ဖမ်းဆီးရရှိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း - ခင်စိမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment