MNP - ဇူလိုင် ၂၂
ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အ.လ.က နဂျီချောင်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ထက်ထက်ခိုင်က အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာဆွေမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ထက်ထက်ခိုင်က အားကစားပညာရပ်နှင့်ပတ်သက်၍ အားကစားနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အားကစားစိတ်ဓာတ်နှင့် ပတ်သက်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးမှဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အကြောလျှော့ခြင်း လေ့ကျင့်ခန်းများကိုဆောင်ရွက်ပြီး volunteer အဖွဲ့မှ ညီမငယ်များက အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - တင့်ဆွေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment