MNP - ဇူလိုင် ၂၂
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုယမန်နေ့မွန်းလွဲ(၁)နာရီက ထားဝယ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်း က လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတ ရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဒုတိယဦးစီးမှူးဦးစံသိန်းအောင်က လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ ပြေးခုန်ပစ်အားကစားအဆင့်အတန်းမြင့်မားရေး၊ လေ့ကျင့်အားပြည့်ဝ၍ ခံနိုင်ရည်ရှိသော ပြေးခုန်ပစ်အားကစားသမားများဖြစ်လာရေး၊ စည်းကမ်းရှိ၍ အောင်မြင်သော ပြေးခုန်ပစ်အားကစား သမားများဖြစ်လာရေးစသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံဆိုင်ရာများ ပြေးခုန်ပစ်အားကစားနည်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment