MNP ၊ ဇူလိုင် ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံမှူးက လုပ်ငန်းများဆောင်ရွက် နေမှုကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အထက်ပေါင်းလောင်း မဂ္ဂါဝပ် (၁၄၀)၊ နန်ချို မဂ္ဂါဝပ် (၄၀) နှင့် အောက်ပေါင်းလောင်းမဂ္ဂါဝပ် (၂၈၀)တို့ကို အဆင့်ဆင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် နေသကဲ့သို့ အလယ်ပေါင်းလောင်းစီမံကိန်း (၁၆၆) မဂ္ဂါဝပ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည့်အပြင် Hydromatrix အနိမ့်တမံစနစ်ဖြင့်လည်း ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ ဒုဌဝတီမြစ်ဝှမ်းတွင်လည်း အထက်ရဲရွာစီမံကိန်းမဂ္ဂါဝပ် (၂၈၀)၊ ရဲရွာစီမံကိန်း မဂ္ဂါဝပ်(၇၉၀)တို့ကိုလည်း အဆင့်ဆင့်ထုတ်လုပ်နေသကဲ့သို့ နမ္မတူသီပေါစီမံကိန်း မဂ္ဂါဝပ် (၂၁၀)၊ အလယ်ရဲရွာစီမံကိန်း (၇၃၅) မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် (၆၀)တို့ကို ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ယခင်ကဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲဖြစ်သော သံလွင်မြစ်ဝှမ်း စီမံကိန်းများ၊ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကိုလည်း ဆက်လက်အကာင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့် အတွက် စက်ရုံရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု၊ တာဘိုင်ခန်းအတွင်း စက်များမောင်းနှင်နေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် RCC ကွန်ကရစ်တမံကြံ့ခိုင်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၇၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုး အစားစက် (၂) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၁၄၀ မဂ္ဂါဝပ်ထွက်ရှိကာ တစ်နှစ် ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိ လာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေး စက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော် ဓာတ်အားစနစ်သို့ စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသဖြင့် လက်ရှိ အခြေအနေတွင် ရေဝင်ရောက်မှုနည်းသော်လည်း လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ် အားလိုအပ်ချက်အား ပြည့်မီအောင် ရေလှောင်တမံအတွင်းသို့ စီးဝင်လာသည့်ရေကို သိုလှောင်စုဆောင်းပြီး စနစ်တကျစီမံ၍ တစ်နှစ်ပတ်လုံး ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment