MNP - ဇူလိုင် ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျိုက်ကာကျေးရွာရှိ ကျိုက်မုကလယ်ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိစေရန်နှင့် အိမ်တွင်းလက်မှုပညာရပ်များကို အမျိုးသမီးများ တတ်မြောက်စေရန်သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာရပ်များကို အသုံးပြုကာ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မုဒုံမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူတင်စကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြနှစ်ဦးက ဖိုင်အိတ်၊ မိတ်ကပ်ဇစ်ထည့်အိတ်၊ ဘောပင်ထည့်အိတ်၊ ဖရုံလက်ဆွဲအိတ်၊ ဈေးဝယ်အိတ်၊ အထည်လက်ကိုင်အိတ်၊ ဖုန်းထည့်အိတ်၊ ဖတ်ထုပ်အိတ်၊ ခေါက်အိတ်၊ ဇစ်နှစ်ထပ်အိတ် ပညာရပ် (၁၀)မျိုးကို ဇွန် ၂၂ ရက်နေ့မှ ဇူလိုင် ၁၁ ရက်ထိ (၂၀ )ရက်ကြာ သင်တန်းသူ (၁၅)ဦးအား စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်မျိုးသူ
မြန်မာနေရှင်နယိပို့စ်
No comments:
Post a Comment