MNP - ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လမ်းမတော်မြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ လမ်းမတော်မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများ၏ နိုင်ငံသားစိစစ်ဆေးရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း စီစစ်ထုတ်ပေးလုပ်ငန်းများ လျင်မြန်ချောမွေ့စေပြီး အချက်အလက်များ တိကျမှန်ကန်မှုရှိစေရန် ရည်ရွယ်ကာ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) အား SoftwareProgram အတွင်းသို စာရင်းရေးသွင်းနိုင်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်က လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းဖွင့်လှစ်ပို့ချမှုအား ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနခရိုင် ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့က သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ လိုအပ်သည့်လမ်းညွှန်မှုများ ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြည်ဝင်းနိုင်တို့က ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချမှုအစီအစဉ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) Software Program အတွင်းသို့ စာရင်းရေးသွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ပါသည်။
အဆိုပါသင်တန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်အေးလဲ့ကြည်ပြာက သင်တန်းနည်းပြအဖြင့် သင်တန်းပို့ချသွားမှာဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၁၀) ဦးခန့် တတ်ရောက်ခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) Software Program ရေးသွင်းခြင်းလုပ်ငန်းကို နေ့စဉ် နံနက် ၉:၃၀ နာရီမှ ညနေ၄:၃၀ နာရီအထိ (၁)လခွဲခန့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။
သတင်း - အောင်ဇော်ထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment