MNP - အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် နေကြာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နေကြာဧက ၅ဝ စိုက်ပျိုးရန် တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဌေးဝင်းက နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဘုရားကြီးကုန်း-ပုသိမ်လမ်းဘေးဝဲယာလယ်မြေတွေက မိုးစပါး တစ်မျိုးသာ စိုက်ပျိုးတာ ကြောင့် တောင်သူများအနေနဲ့ အပင်မဖြစ်ထွန်းမှုတွေ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ စိုက်ပျိုးရေးအနေနဲ့ စိုက်ပျိုးတဲ့နည်းပညာတွေနဲ့ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူများနေကြာမျိုးနှင့် သိလိုသည်များကို မေးမြန်းရာ စိုက်ပျိုးရေးဦးစီးမှူးက နေကြာ မျိုးစေ့နှင့် ပတ်သက်၍ တောင်သူများ စိုက်ဧကအလိုက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးမည်ဖြစ်ပြီး မြေသြဇာနှင့် ပိုးသတ်ဆေးလိုအပ်ပါက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။ ဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ် စိုက်ပျိုးရေးဒုတိယဦးစီးမှူး ဦးဌေးဝင်း နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် ရာအိမ်မှူးများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment