MNP - ဒီဇင်ဘာ ၁၁
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသားများအား ပဲခူးမြို့အဝင်တိုးဂိတ်မှလည်းကောင်း၊ အမျိုးသမီးများအား မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှလည်းကောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်တင့်က ခရာမှုတ်၍ တာလွှတ်ပေးခဲ့ပြီး မီနီမာရသွန် အမျိုးသား၊ အမျိုးသမီးအားကစားသမားများမှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းအားကစား
ကွင်းရှေ့ထိ ယှဉ်ပြိုင်ပြေးကြရာ ပြေးလမ်းတစ်လျှောက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများကလည်းကောင်း၊ ပန်းဝင်မည့် နေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကလည်းကောင်း အသီးသီးစောင့်ကြို အားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း အတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့မှလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး အထူးဆုရရှိသူ(၆)ဦးအား တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ တစ်ဦးလျှင် ငွေကျပ်(၁)သိန်းစီကို လည်းကောင်း၊ အမျိုးသား/အမျိုးသမီး တတိယဆုရရှိသူ (၂)ဦးအား လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့မှ တစ်ဦးလျှင် ဆုတံဆိပ်နှင့် ငွေကျပ်(၅)သိန်းစီကိုလည်း ကောင်း၊ အမျိုးသား/အမျိုးသမီး ဒုတိယဆုရရှိသူ(၂)ဦးအား စီးပွားရေးရာဝန်ကြီးနှင့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးတို့မှ တစ်ဦးလျှင် ဆုတံဆိပ်နှင့် ငွေကျပ်(၇)သိန်းစီကိုလည်းကောင်း အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေကျပ်(၁၀)သိန်းကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေကျပ်(၁၀)သိန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အမျိုးသားအားကစားသမား(၉၁၅)ဦး၊ အမျိုးသမီးအားကစားသမား (၃၁၂)ဦး၊ စုစုပေါင်း (၁၂၂၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပန်းဝင်လာသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဆိုင်ကယ်(၂)စီး၊ စက်ဘီးအစီး(၂၀)နှင့် ငွေကျပ်(၁)သိန်းဆု (၉)ဆုတို့အား ထပ်မံ၍ ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق