MNP - ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက မောင်တောမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံနေသည့် အခြေအနေများ၊ ကာကွယ်ဆေးရရှိမှုနှင့် ကာကွယ်ဆေးလက်ကျန်အခြေအနေများ၊ စာသင်ကျောင်းများအတွင်း ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေး ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး(၁) ဒေါက်တာနုကေသီစံက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအခြေအနေများကို လည်းကောင်း၊ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများက မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆေးထိုးရန်ကျန်ရှိသော အခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေးကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق