MNP - ဒီဇင်ဘာ ၄
“အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပလျက် ရှိပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် (၂၀၃၀)၏ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျ မကျန်ရစ်စေရေးမူနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို ရေးဆွဲခဲ့ပြီး (၁၅.၉.၂၀၂၂)တွင် မိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်အတွင်း မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး သင်တန်းများ၊ မသန်စွမ်းမှု အမျိုးမျိုးနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ တိုင်းတာစစ်ဆေး ပံ့ပိုးခြင်းဝန်ဆောင်မှု (Early Childhood Intervention Services-ECI) ဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယနေ့အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားဆောင်ပုဒ်နှင့်အညီ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်နိုင်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် တီထွင်ဆန်းသစ်သည့် နည်းလမ်းများကို ရှာဖွေအသုံးပြုကြရန်၊ ပြည်သူများအနေဖြင့်လည်း မသန်စွမ်းသူများ အကျုံးဝင် ပါဝင်နိုင်ရေး ပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြရန်နှင့် မသန်စွမ်းသူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏သဝဏ်လွှာVideo message နှင့် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုအားပြသခြင်း၊ မသန်စွမ်းသူများက “အလှကမ္ဘာမြေ ” သီချင်းနှင့် “လှမ်းခဲ့တော့ထားဝယ်မြေ" သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြသကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက မသန် စွမ်းဖျော်ဖြေရေးအဖွဲ့များအား လည်းကောင်း ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
သတင်း - ကျော်ကျော်လတ်
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق