MNP ၊ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတု ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် က အမှာစကား ဆက်လက်ပြောကြားခဲ့ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က "လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ လူငယ်များ အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်" စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က ဆောင်ရွက်ခဲ့ပြီး Grade-11 မှကျောင်းသား မောင်ရဲဇော်ထက် က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မသွန်းစက်ရတီအောင် က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မရတီလင်းလက် က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မမြသင်းချယ် က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသား မောင်ရဲပြည်ဟိန်းထက်က လူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်အောင်ရှိန်းခန့် က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည် ဖြေကြား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အ.ထ.က(စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်း က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ(၆)ဦးတို့အား စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق