MNP - ဒီဇင်ဘာ ၁၄
ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ၆၄ ဒဿမ ၁၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ဝင်ရောက်ခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်/တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်၊ ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင် များနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ နယ်ပယ် (၇) ခုတွင် ဝန်ဆောင်မှုပေးနေသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ၊ Booster Doose ကာကွယ်ဆေးများ ထိုးနှံပေးထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းခရီးသွား ဧည့်သည်များအတွက် အဟန့်အတားမဲ့သွားလာနိုင်ရေး ခရီးသွားဝန်းကျင်အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းရှင်များမှ တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စိစစ်ကြပ်မတ် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံရေး၊ ခရီးစဉ် ဒေသများလုံခြုံရေး၊ နိုင်ငံခြားသားမှုခင်းဖြစ်ပွားမှု တားဆီးနိုင်ရေး၊ သန့်ရှင်းသာယာလှပသော ခရီးစဉ်များ၊ အဆင့်အတန်းပြည့်မီသော ဝန်ဆောင်မှုများ၊ ဆက်စပ်ဝန်ဆောင်မှုများ၊ လတ်ဆတ် ကောင်းမွန်သော ဒေသထွက်လက်ဆောင်ပစ္စည်းများနှင့် အစားအစာများ ပြည်နယ်အတွင်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေးကို ခရီးသွားလုပ်ငန်းရှင်များနှင့် ပတ်သက်ဆက်နွယ်သူ State Holders အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ လိုင်စင်ရဟိုတယ်နှင့် တည်းခိုရိပ်သာ (၅၆) လုံး၊ အခန်းပေါင်း ၁၉၂၈ ခန်း၊ တည်ဆောက်ခွင့် ခွင့်ပြုမိန့်ရဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၆ လုံး၊ အခန်းပေါင်း ၈၂၉ ခန်းဖြင့် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု စုစုပေါင်း ၁၁၃၂၁၂ ဦးရှိပြီး ယမန်နှစ် အလားတူကာလထက် ၆၄ ဒဿမ ၁၇ ရာခိုင်နှုန်း ပိုမိုတိုးတက် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြည်နယ်အတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း အစရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ခွင့်ပြုလုပ်ငန်း လိုင်စင်များလည်း ထုတ်ပေးထားပြီးဖြစ်သည်။
အစည်းအဝေးတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ မှတ်ပုံတင်ခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို အသိပေးပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က နိုင်ငံခြားသားခရီးသွား ဧည့်သည်များနှင့်စပ်လျဉ်း၍ စိစစ်တွေ့ရှိချက်များကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များက ဟိုတယ်/ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊ မီးဘေးအန္တရာယ်ဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ရှင်များနှင့် ဧည့်လမ်းညွှန်များက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေပြင်ကြုံ တွေ့နေရသည့် အခြေအနေများ၊ လိုလားချက်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ သည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:
إرسال تعليق