မအီဒေသတွင် ရာဘာပြားများဈေးကောင်းရရှိရန် ရာဘာခင်းလုပ်ငန်းရှင်များမျှော်လင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီဒေသတွင် ရာဘာပြားများဈေးကောင်းရရှိရန် ရာဘာခင်းလုပ်ငန်းရှင်များမျှော်လင့်



MNP ၊ ဒီဇင်ဘာ  ၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ဒေသပတ်ဝန်းကျင်ကျေးရွာများမှ ရာဘာစိုက်ခင်းလုပ်ငန်းရှင်များမှာ စက်တင်ဘာလမှစတင်၍ ရာဘာစေးများကိုခံယူပြီး ရာဘာပြားများ ပြုလုပ်ရောင်းချလျက်ရှိရာ ယခင်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမည်ကို စိုးရိမ်နေကြကြောင်း အောင်သပြေကျေးရွာ ရာဘာစိုက်ခင်းလုပ်ငန်းရှင် ဦးသန်းဝင်းကပြောကြားသည်။


မအီမြို့ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဂျီဖြူတောင်၊ အောင်သပြေ၊ ကင်းခြေ၊ ကုန်ဘောင်၊ အညင်းတောင်၊ လက်ပံ၊ ဆံထုံးနှင့် သဒွန်ကျေးရွာများတွင် ရာဘာစိုက်ခင်းလုပ်ငန်းရှင်များရှိကြပြီး ယခင်နှစ်များတွင် ရာဘာပြားပေါ်ချိန် (ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်)တွင် တစ်ပေါင်လျှင် ၁၀၀၀ ကျပ်မှ  ၁၁၀၀ ကျပ်အတွင်းသာ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် ၁၂၀၀ ကျပ် ဈေးနှုန်းဖြင့် တင်ပို့ရောင်းချရပါကြောင်း၊ ရာဘာပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ဆယ်နှစ်အတွင်း၌ ရာဘာစေးခံယူနိုင်ကြောင်း၊ ရာဘာစေးကို ရခိုင်ဒေသရာသီဥတုအလိုက် စက်တင်ဘာလမှစတင်၍ ဖေဖော်ဝါရီလလောက်အထိ ခံယူကြပါကြောင်း၊ ရာဘာပင်၌ ခံယူထားသည့် ရာဘာစေးကို ပုံစံခွက်ထဲ့သို့ စစ်လောင်းထည့်၍ (၄)နာရီခန့်အကြာထားရှိပြီးမှ ၎င်းကို ဒလိမ့်တုံး(Roller) ဖြင့်လှိမ့်ရပါကြောင်း၊ ထိုသို့လှိမ့်၍ ရရှိလာသောရာဘာပြားများကို ၃/၄ရက်ခန့်နေလှန်း၍ မီးကင်(မှိုင်းခံ)ပြီးမှ သိုလှောင်ရုံတွင် သိမ်းဆည်းရပါကြောင်း၊ ရာဘာပြား တစ်ပြားလျှင် အလေးချိန်(၂)ပေါင်ခန့်ရှိမည်ဖြစ်ကြောင်းစသည့် ရာဘာပြားပြုလုပ်ပုံအဆင့်ဆင့်ကို ဦးသန်းဝင်းက ပြောကြားသည်။


ယခင်နှစ်များက ဈေးကွက်ဝင် ရာဘာပြားအဆင့်သို့ ရောက်ရှိစေကာမူ ရောင်းချရသည့် ဈေးနှုန်းလျော့နည်းလာခြင်း၊ ဈေးကွက်အနေအထားများပျက်လာခြင်း၊ ရာဘာအစေးခံအလုပ်သမားစရိတ် မြင့်မားလာခြင်းတို့ကြောင့် ရာဘာစိုက်ခင်းလုပ်ငန်းရှင်များမှာ  လုပ်ငန်းကို  ရာဘာပင်များနေရာ၌ အခြားဈေးကွက်ကိုက်မည့် သီးပင်များ အစားထိုးစိုက်ပျိုးမှုများ ရှိလာကြောင်း၊ ရာဘာပင်များကို ခုတ်ပစ်ပြီး သီဟိုဠ်သရက် အစားထိုးစိုက်ပျိုးသည့် တောင်သူများလည်းရှိကြောင်း သိရသည်။ ရာဘာစိုက်ခင်းလုပ်ငန်းရှင်များအနေဖြင့် ရာဘာပြားတစ်ပေါင်လျှင် သယ်ယူစရိတ်မပါဘဲ အလုပ်သမားစရိတ် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိပေးရ၍ ယခုနှစ်ဈေးနှုန်း ၁၂၀၀ အထက် မရရှိရင်လည်း ၎င်းဈေးထက် လျော့နည်းမလာစေရန် မျှော်လင့်ပါကြောင်း အဆိုပါ အောင်သပြေကျေးရွာ ရာဘာစိုက်ခင်းလုပ်ငန်းရှင် ဦးသန်းဝင်းက ဆက်လက်ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)