Pages

Pages

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

 



MNP - ဒီဇင်ဘာ ၁၄


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မကွေးမြို့နယ်၊ သဖန်းဆိပ်လျှပ်စစ်မြစ် ရေတင်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး၊ သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သည့်အတွက်  သဖန်းဆိပ်ဒေသမှ တောင်သူများ ကြီးပွားတိုးတက် အဆင်ပြေစေရန် ယခုမြစ်ရေတင် စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန်အတွက် ဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာသုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ သီးနှံအထွက်တိုးရန်အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရန်လိုအပ်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် နွေ၊ မိုး၊ ဆောင်းရာသီ သီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ၊ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင်ပါဝင်၍ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်(၂၉)လက်မခန့်သာ ရရှိခဲ့သည့်အတွက် နှစ်စဉ်သီးနှံစိုက်ပျိုးရာတွင် သဘာဝ မိုးရေကိုသာ အဓိက မှီခိုအားထား စိုက်ပျိုးရသဖြင့် တစ်နှစ်လျှင်(၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသတွင် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ခဲ့သည့်အတွက်  မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ စိုက်ပျိုးမြေ ဧက(၄၅၀၀)ကို ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ် သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန် ဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေနိုင်ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးခြင်း၏ ဝင်ငွေလည်း တိုးတက်ရရှိမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်ညီညာ 


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق