Pages

Pages

ဘူးသီးတောင်မြို့၌ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး



MNP - ဒီဇင်ဘာ  ၁၄


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နှင်းထွေးက ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အချက်များအား ဆွေးနွေးကာ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ (ကိုယ်စား) ကြီးကြပ်ရေးမှူး ဒေါ်မလှဝင်းက ချေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် ဒေသခံတောင်သူများက ပြန်လည်ဆွေးနွေးတင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်သည့် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းတို့မှ တာဝန်ရှိသူများနှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق