ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် (B.O.T)စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် (B.O.T)စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်

 



MNP - ဒီဇင်ဘာ   ၃


ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.T)လက်မှတ်ရေးထိုးချုပ်ဆိုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တိုင်းဒေသကြီးအနေဖြင့် ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ထားဝယ်နှင့်အလှမ်းဝေးကွာသောနေရာဖြစ်သည့်အတွက် လုပ်ကိုင်ဆောင်ရွက်သည့်နေရာတွင် အခက်အခဲရှိကြောင်း၊  ယခင်ကလျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ တိုင်းဒေသကြီးတွင် အခက်အခဲများစွာကြုံတွေ့ရသောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက်နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း၊ ၂၀၁၀-၂၀၁၅ ခုနှစ်မှစ၍ ခရိုင်(၄)မြို့နယ်တွင် Gas Engin များဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစတင်ဆောင်ရွက်ခဲ့ရပြီး စက်မှုလက်မှုလုပ်ငန်းများအနေဖြင့် အဆင်မပြေမှုများကြုံတွေ့ခဲ့ရကြောင်း၊ တိုင်းဒေသကြီးတွင်အလိုအပ်ဆုံးအရာသည်အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားသည် ယခင်ကလုပ်ငန်း ဆောင်ရွက်ရန်လျာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်ဆောင်ရွက်ရန် အခွင့်အလမ်းများ နှောင့်နှေးခဲ့ရကြောင်း၊ ယခုအခါတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖောင်းတောရေအားလျှပ်စစ်ဓာတ်ရရှိရေး ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် (B.O.T)စာချုပ်လက်မှတ်ရေးထိုးနိုင်သည့် အဆင့်သို့ရောက်ရှိခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိပါက တိုင်းဒေသကြီးအတွင်းအရွေ့တစ်ခု(သို့မဟုတ်)အကျိုးကျေးဇူးများခံစားရမည်ဖြစ်ကြောင်း၊  အဆိုပါစီမံကိန်းပြီးစီးပါက ထားဝယ်ခရိုင်အတွင်း ဓာတ်အားခတစ်ယူနစ်(၂၀၀)ကျော်ဖြင့် သုံးစွဲလာနိုင်မည်ဖြစ်သောကြောင့် စက်မှုလက်မှုလုပ်ငန်းများထွန်းကားလာနိုင်ကြောင်း၊ (B.O.T) စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် တိုင်းဒေသကြီးအတွက် တန်းဖိုးဖြတ်မရသောကိစ္စရပ်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ကိုင်ဆောင်ရွက်ရသော နေ့တစ်နေ့ဖြစ်သောကြောင့် ပြည်သူ့လူထုကိုယ်စား ဝမ်းသာဂုဏ်ယူရပါကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ဖောင်းတောရေအားလျှပ်စစ်စက်ရုံ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်က ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)