(၁၂-၁၂-၂၀၂၂ ရက်နေ့က နေပြည်တော်ကောင်စီရုံးရှေ့တွင် ငြိမ်းစုစီဥပဒေနှင့်အညီ စီစဉ်ဆောင်ခဲ့သော်လည်း တားမြစ်ခံရခြင်းကြောင့် မပြောဖြစ်ခဲ့သော စကားများ)
ကျွန်တော်တို့ ဒီကနေ့ ဒီနေရာမှာ လာရောက်စုဝေး ဆန္ဒဖော်ထုတ်ခြင်းဟာ ဥပဒေနဲ့အညီ တင်ပြဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ကျွန်တော်တို့ အစဉ်သဖြင့် အလေးထားပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။
ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ လာရောက်ဆန္ဒဖော်ထုတ်ခြင်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တာဝန်ဆောင်ရွက်နေရတဲ့ တပ်မတော် ဦးဆောင်သော နစက အစိုးရကို အစဉ်သဖြင့် ထောက်ခံအားပေးခဲ့ပါတယ်။ ကျွန်တော်တို့ အခုလို စုဝေးဆန္ဒပြခြင်းဟာ မဲလိမ် မဲခိုး လုပ်ရပ်တွေကြောင့် အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ သည်းခံနိုင်စရာ မရှိတော့တဲ့အတွက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်မိစ္ဆာ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို အမြစ်ပြတ်ခြေမှုန်းပေးဖို့ လာရောက်တောင်းဆိုခြင်းပဲ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့နဲ့အတူ လာရောက်စုဝေး ကြတဲ့ ညီအစ်ကိုမောင်နှမများခင်ဗျာ NLD ခေါင်းကြီးပိုင်းတွေဖြစ်တဲ့ CRPH, NUG အဖွဲ့ဝင်တွေကတော့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။ သူတို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားလေးတွေကတော့ဖြင့် အစွန်းရောက် အကြမ်းဖက် ရက်စက်ယုတ်မာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို လူစိတ်မရှိတော့ဘဲ ကျူးလွန်နေကြပါတယ်။ သံဃာတော်တွေကို လည်လှီးသတ်ဖြတ်၊ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို ဆက်လက်ရှင်သန်ခွင့် ပေးသင့်သလား။ အမြစ်ပြတ် ခြေမှုန်းသင့်သလား။ PDF အကြမ်းဖက်အဖွဲ့တွေကို အမြစ်ပြတ်ခြေမှုန်းပေးပါလို့ တောင်းဆိုဖို့ ကျွန်တော်တို့ ဒီနေရာကို ရောက်လာကြတာ ဟုတ်ပါသလား။
ကျွန်တော်တို့က နစက ကို ဘာကြောင့်ထောက်ခံခဲ့တာလဲ ဆိုတဲ့ စကားကို ပြောချင်ပါတယ်။ တပ်မတော် ခေါင်းဆောင်ကြီးများကတော့ဖြင့် NLD တွေလို ပြည်ပသြခံတွေ မဟုတ်ကြဘူး။ အမျိုးသားရေးကို အစဉ်သဖြင့် အလေးထားသူတွေလို့ ယုံကြည်တဲ့အတွက် တိုင်းပြည်မှာ ပေါ်ပေါက်လာတဲ့ အမျိုးသားရေးအန္တရာယ်တွေကြောင့် တပ်မတော်သာ အားကိုးရာ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားပေးထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးနဲ့ တကွ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များကို တိုင်တည်ပြီး ပြောချင်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များခင်ဗျာ -
NLD ပါတီက ဂရင်းနစ်စံချိန်ကျော်လွန်တဲ့ မဲလိမ် မဲခိုးမှုကြီးကို ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ က ပြဋ္ဌာန်းထားတဲ့အတိုင်း ဥပဒေနဲ့အညီ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီဦးဆောင်သူတွေဟာ CRPH, NUG အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်တော့ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သူတို့တွေရဲ့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုတွေကို နိုင်ငံတော်အကြီးအကဲများအနေနဲ့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာ ဖြစ်လို့ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ပါတယ်။
အဲဒီလို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာပြီးတဲ့နောက်မှာ မဲလိမ် မဲခိုးမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သလို အကြမ်းဖက်လှုပ်ရှားမှုကို ဥပဒေနဲ့အညီ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ရာ ဘာလို့ ပျက်ကွက်ခဲ့တာလဲ ဆိုတာကို နစက သက်တမ်း ကုန်ဆုံးတော့မယ့် အချိန်မှာ မေးခွန်းထုတ်ရပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ နစက လူကြီးမင်းများကို ပြစ်တင်ပြောဆိုလိုခြင်း မရှိပါဘူး။ နစက အစိုးရရဲ့ ယန္တရားမှာ အကြမ်းဖက်အန္တရာယ်ကာကွယ်တားဆီးရေးကို အလေးထားလုပ်ဆောင်ရမယ့် သူတွေက မလုပ်ဆောင်ခဲ့ကြပါဘူး။ ဒါတွေကို နစက လူကြီးများအနေနဲ့လည်း ကြပ်မက်ဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီလို မရှိခဲ့ခြင်းကြောင့် ဆရာတော်သံဃာတော်တွေ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ၊ ဆရာ/ ဆရာမ၊ အစိုးရဝန်ထမ်းတွေကို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေက မြင်မကောင်း ရှုမကောင်းအောင် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခွင့် ရခဲ့ခြင်းဖြစ်တယ်လို့ ပြောရပါတော့မယ်။
နစက ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့ဝင်များခင်ဗျာ -
နိုင်ငံတော်အကြီးအကဲများအနေနဲ့ ပြည်သူ့အသံကို သိလိုလိမ့်မယ်၊ ကြားလိုလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နစက ဥက္ကဋ္ဌကြီးအနေနဲ့ NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့် လမ်းပေါ်ထွက်လာတဲ့သူတွေကို ဒီမိုကရေစီအခွင့်အရေး ပေးထားပါတယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့ အဲဒီ လူတွေဟာ တည်ဆဲဥပဒေကို လေးစားလိုက်နာပြီး လမ်းပေါ်ထွက်လာခဲ့ကြသူတွေ မဟုတ်ပါဘူး။ ဥပဒေမဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ လူငယ်တွေကို လမ်းပေါ်စွဲတင်တယ်။ နောက်တော့ သွေးဆူနေတဲ့ လူငယ်တွေကို အကြမ်းဖက်သင်တန်း တက်ရောက်နိုင်ဖို့ KNU, KIA ဆီ ပို့တယ်။ အဲဒီကနေ လူငယ်အများအပြားဟာ အကြမ်းဖက်သမား ဖြစ်ကုန်ပြီး သံဃာတော်တွေကိုပါ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ လက်မရွံ့အကြမ်းဖက်သမားတွေ ဖြစ်ခဲ့ကြပါပြီ။
အခု ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ ဗီနိုင်းပိုစတာပါ ဓာတ်ပုံဟာ တမူးမြို့မှာ ပြည်ဖျက်မိစ္ဆာ PDF အကြမ်းဖက်သမားတွေက လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းပြီး သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ မအေးမာထွန်းရဲ့ ပုံပါ။ ဒီထက်မက ပြည်ဖျက်မိစ္ဆာ PDF တွေရဲ့ ရက်စက်ယုတ်မာတဲ့ မှတ်တမ်းတွေ များစွာ ရှိပါတယ်။ ပေါက်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော်ကို လည်လှီးသတ်သွားတဲ့ မှတ်တမ်း၊ အမျိုးသမီးငယ်တစ်ဦးကို ထိုင်ခိုင်းပြီး ဓားနဲ့ပိုင်းလိုက်တဲ့ မှတ်တမ်း၊ ရဲအရာရှိတစ်ဦးကို ခြေဖြတ် လက်ဖြတ်ပြီး မသေမရှင် လုပ်ထားတဲ့ မှတ်တမ်းတွေဟာ မြင်ရက်စရာ မရှိပါဘူး။
ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူ CRPH, NUG တို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေဟာတော့ဖြင့် လူစိတ်မရှိတော့ဘူး။ ခွေးတိရစ္ဆာန်ထက် ရိုင်းစိုင်းတဲ့ သတ္တဝါတွေဖြစ်နေပြီဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။ အဲဒီလို လူစိတ်မရှိတော့တဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို ရှင်သန်ခွင့် ပေးထားမယ်ဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေမှာ အလားတူ အသေဆိုးနဲ့ သေနေကြရအုံးမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီး နှင့် အဖွဲ့ဝင်များခင်ဗျာ -
ကျွန်တော်တို့လူမျိုးဟာ မေတ္တာတရားကြီးမားတဲ့ လူမျိုး၊ သည်းခံခွင့်လွှတ်တတ်တဲ့ လူမျိုးလို့ ဂုဏ်ယူခဲ့ကြပါတယ်။ နစက ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့ဝင်များရဲ့ မေတ္တာတရားကြီးမားမှုကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ နစက ဥက္ကဋ္ဌကြီးက မေတ္တာတရားရှေ့ထားပြီး အကြမ်းဖက်လှုံ့ဆော်သူတွေ၊ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်သူ များစွာကို ပစ်ဒဏ်လျှော့ပေါ့ပေးတာ၊ လွတ်ငြိမ်းချမ်းသာပေးတာ၊ အမှုပိတ်သိမ်းပေးတာတွေ များစွာ လုပ်ပေးခဲ့ပါတယ်။ နစက ဥက္ကဋ္ဌကြီးရဲ့ ကျောသား ရင်သားမခွဲခြားတဲ့ မေတ္တာတရားကို ကျွန်တော်တို့ အရောင်မဆိုးခဲ့ပါဘူး။ အဲဒီလို ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေ၊ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်သူတွေကို လွတ်ငြိမ်းပေးဖို့၊ အမှုပိတ်သိမ်းပေးဖို့ အကြံပြုတိုက်တွန်းတဲ့ သူတွေအပေါ်မှာတော့ သံသယဖြစ်မိတာ အမှန်ပါဘဲ။ ရိုးရိုးသားသားနဲ့ မေတ္တာတရားရှေ့ထားပြီး တိုက်တွန်းခဲ့လေသလား။ ငွေကြေးလာဘ်လာဘကြောင့် အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူတွေ လျှော့ပေါ့ပြစ်ဒဏ်တွေ ရသွားသလားဆိုတာ သံသယ ရှိနေတုန်းပါပဲ။
နစက ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့ဝင်များကိုသာ မက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်ကြီးများကိုလည်း တင်ပြလိုပါတယ် -
အကြမ်းဖက်လှုံ့ဆော်မှု ပြုလုပ်ခဲ့ကြသူတွေ၊ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေကတော့ဖြင့် လွတ်ငြိမ်းရ၊ အမှုပိတ်သိမ်း အစရှိသဖြင့် အေးချမ်းမှု ရရှိသွားကြပါပြီ။ ဆိုခဲ့ရင် NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရန်ပြုစော်ကားမှုကြောင့် ဥပဒေဘောင်အတွင်းမှာ နေထိုင်ရင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ပြည်သူတွေ၊ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာ လူစိတ်မရှိတော့တဲ့ အကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေအတွက် ဘာတွေ ဆောင်ရွက်ပေးလို့ ဘယ်လောက်တောင် တာဝန်ကျေပါပြီလဲ။ ယနေ့ထက်တိုင်အောင် နေရပ်ပြန်လည်နေထိုင်နိုင်ခြင်း မရှိဘူး။ တိမ်းရှောင်နေကြရဆဲ။ ရှောင်ပုန်းနေကြရဆဲ။ PDF အကြမ်းဖက်သမားတွေကို ကြောက်ရွံ့နေကြရဆဲ ဖြစ်သင့်ပါသလား ခင်ဗျာ။
အချို့သော ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်တဲ့ တပ်မတော် အရာရှိတွေ လုပ်ကြံသတ်ဖြတ်ခံရတယ်။ တိုက်ခိုက်ခံရတယ်။ သပုပ်လေလွင့် သတင်းအမှားတွေ လွှင့်ပြီး အထင်အမြင်လွဲမှားအောင် လုပ်ဆောင်ခြင်း ခံရတယ်။ နစကရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားမှာ အကြမ်းဖက်လှုပ်ရှားမှုကို အကာအကွယ်ပေးပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ တာဝန်ရှိသူတွေ ခိုကပ်နေရာယူထားကြတယ်လို့ သံသယ ရှိနေပါတယ်။ ဒီစကားကို ဘာကြောင့် ပြောရသလဲဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပတဲ့ သတင်းစာရှင်လင်းပွဲတွေဆိုတာ နစက အစိုးရရဲ့ မူဝါဒတွေကို ချပြပြောဆိုရာ နေရာပါပဲ။ ပြည်သူပူးပေါင်းပါဝင်သော ကာကွယ်ရေးကို ဖော်ဆောင်မယ်လို့ သတင်းစာရှင်းလင်းပွဲကနေ ပြောခဲ့တာ ကြာလှပါပြီ။ နစက သက်တမ်း တစ်နှစ်မပြည့်ခင်ကတည်းက ပြောဆိုခဲ့ရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဘယ်လောက်အထိ အောင်မြင်အောင် အကောင်အထည်ဖော်ပါသလဲ။ တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်လာအောင် ဘယ်လောက်အထိ အလေးထား ဆောင်ရွက်ပါသလဲ။ နစက လူကြီးတွေလည်း ပြောချင်ရာပြော။ ငါတို့လည်း လုပ်ချင်ရာလုပ်။ KTV သွားရင်း အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်း ခံရသည်အထိ ပေါ့ဆတာမျိုးတွေအထိ မြင်တွေ့ခဲ့ကြရတယ် မဟုတ်ပါလား။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နစကအစိုးရသက်တမ်းလည်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်ကြမှ အကြမ်းဖက်အဖွဲ့အစည်းတွေကို အမြစ်ပြတ်ခြေမှုန်းပေးပါလို့ လာရောက်တောင်းဆိုရတာ နောက်ကျနေတယ်လို့တောင် ထင်ပါတယ်။ သို့ပေသော် ပြည်သူ့အသံကို တကယ်ပဲ အလေးထားပြီး လစ်ဟာမှုတွေ ပြုပြင် အကြမ်းဖက်အဖွဲ့တွေကို အမှန်တကယ် ရှင်လင်းလိုစိတ်သာ ရှိမယ်ဆိုရင် တစ်လမကြာပါဘူး။ ဦးလှဆွေ ပြောခဲ့သလိုပါပဲ။ ပြည်ဖျက်မိစ္ဆာ PDF ဟာ ခြင်းထဲက ကြက် ဘယ်အချိန် ထရိုက်ရိုက် ရတဲ့ အရာမျိုးဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကမ္ဘာကျော်မဲသူခိုးကြီးတွေ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လိမ်ညာပြီး ရယူလိုသူတွေ လက်ထဲကနေ လွှဲပြောင်းရယူခဲ့ရတဲ့ နစက အစိုးရရဲ့ သက်တမ်းကာလအတွင်းမှာ ဘာသာ သာသနာအရေးဆောင်ရွက်ချက်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်တွေဟာ ဘာမှ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းမွန်ပါတယ်။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေက ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို အလွန်အကျူး လုပ်ဆောင်နေတဲ့ ကြားက နိုးထနိုင်အောင် ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ဂုဏ်ပြုပါတယ်။
သို့ပေသော် အရေးပေါ်ကာလလို့ ကြေညာထားပြီး NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားပြီး ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုကို နှိမ်နင်းမှုအပိုင်းမှာတော့ အလွန်အမင်း ပေါ့ဆတဲ့အတွက်ကြောင့် အတိုင်းထက်အလွန် ရဟန်းရှင်လူပြည်သူတွေ သေကျေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် အလွန်ပဲ ဝမ်းနည်းမိပါတယ်။
သေဆုံးရသူတွေထဲမှာ တပ်မတော်မိသားစုဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ၊ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ၊ ကလေးငယ်တွေပါ မချန် ပြည်ဖျက်မိစ္ဆာတွေက ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ စကားတစ်ခွန်းကို လေးလေးနက်နက် ပြောချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲများအနေနဲ့ ပြည်သူများအပေါ်မှာ ကျောသားရင်သားမခွဲခြားဘူးဆိုခဲ့ရင်တောင် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားတွေထက် ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေက ပိုပြီး တန်ဖိုးရှိတယ်။ တန်ဖိုးရှိသူတွေကို ကာကွယ်စောင့်ရှောက်မှု ပေးရမယ့် တာဝန်လည်း ရှိတယ်။ ဒါကြောင့် PDF အပါအဝင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်သမားတွေကို နစက သက်တမ်းမကုန်ဆုံးမီမှာ အမြစ်ပြတ်ခြေမှုန်းပေးသွားပါလို့ တောင်းဆိုရင်း နိဂုံးချုပ်ပါတယ်။
နောင်တော်လေး
https://t.me/MyanmarNationalPost







ليست هناك تعليقات:
إرسال تعليق