နေပြည်တော် ပညာ့ရတနာ Naypyitaw State Academy - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော် ပညာ့ရတနာ Naypyitaw State Academy



တက္ကသိုလ်ဆရာတစ်ဦး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် နို၀င်ဘာ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို တက်ရောက် ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်းနှင့် ကောင်စီ၀င်များ၊ ပြည်ထောင်စု၀န်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ပညာရေးကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် အားပေးနေသည်ကို ပြသလိုက်ခြင်း ဖြစ်ပါသည်။

   ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အစိုးရက ပညာရေးကို အားပေးလျက်ရှိ ပါသည်။ တိုးတက်သော တိုင်းပြည်တိုင်းသည် ပညာတတ်များပေါများပြီး နိုင်ငံအတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများ အပါအဝင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို အဆိုပါပညာတတ်များက ဦးဆောင်ကူညီပေးနေသည်ကို တွေ့ရပါသည်။ ဤနေရာတွင် တက္ကသိုလ် ( University ) အကြောင်းကို အနည်းငယ်မျှ ရေးသားလိုပါသည်။

   

#တက္ကသိုလ်ဆိုသည်မှာ

တက္ကသိုလ်ဆိုသည်မှာ ပညာပို့ချ ပေးရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးပေးခြင်းနှင့် ဘွဲ့ အပ်နှင်းခြင်းပြုလုပ်နိုင်သော အဖွဲ့အစည်းကိုယူနီဗာစီတီ (တက္ကသိုလ်)ဟု ခေါ်သည်ဟု မှတ်သားဖူးပါသည်။

 စာရေးသူသည် တက္ကသိုလ်နယ်မြေ နှင့် ပညာရေးသုတေသန၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း စသည်တို့တွင် နှစ်ပေါင်း ၃၇ နှစ်ကျော် တာ၀န်ထမ်းဆောင်ခဲ့ဖူးသည်။ မြန်မာနိုင်ငံ ပညာရေးကို များစွာ စိတ်၀င်စားသဖြင့်လေ့လာခဲ့ဖူးပါသည်။

တက္ကသိုလ်ဆိုသည်မှာ နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော ရတနာဖြစ်ပါ သည်။ တက္ကသိုလ်ကို အဆင့်မြှင့် တင်မည်ဆိုလျှင် နိုင်ငံစုံမှ အဆင့်မြင့် ထိပ်တန်းတက္ကသိုလ်များကို နမူနာယူ၍ လေ့လာသင့်ပါသည်။ တက္ကသိုလ် ကောင်းတစ်ခု၏ အင်္ဂါရပ်များကို အဖွဲ့အစည်းအသီးသီးမှ သက်ဆိုင်ရာ “စံ” သတ်မှတ်ချက်များနှင့် အကဲဖြတ်လေ့ ရှိကြပါသည်။ အများစုမှာ (၁) တက္ကသိုလ်၏ သုတေသန အရည်အသွေး၊ (၂) ဘွဲ့ရများ၏ အလုပ်အကိုင်အခြေအနေ၊ (၃) တက္ကသိုလ်၏ နိုင်ငံခြားဆက်ဆံရေး၊ (၄) တက္ကသိုလ်၏ ကျောင်းသားနှင့်ဆရာ အချိုးတို့ကို အဓိကအခြေခံပါသည်။

အဆင့်မြင့်တက္ကသိုလ်များတွင် ဂုဏ် ယူလောက်သော ပရဝဏ်နှင့် အဆောက် အအုံများရှိခြင်း၊ National Landmark များအဖြစ် တည်ရှိခြင်း၊ တော်သော ဆရာ၊ တော်သောကျောင်းသားများကို ရွေးချယ်မွေးမြူကာ လေ့ကျင့်ပေးနေခြင်း၊ ကောင်းသောပညာဝန်းကျင် (Academic Atmosphere) ရှိခြင်း၊ မိမိနှစ်သက်ရာ ပညာရပ်နယ်ပယ်ကို အထူးအလေးပြုကာ သုတေသနပြုနိုင်ရန် ငွေကြေး ထောက်ပံ့မှုရှိခြင်း၊ စာကြည့်တိုက် ကောင်းရှိခြင်း၊ သုတေသနလုပ်ငန်းများအတွက် ပစ္စည်းကိရိယာ စုံလင်ခြင်း၊ ကျောင်းသား ကျောင်းသူ အဆောင်များ၊ မိသားစုနေအိမ်၊ စားသောက်ဆိုင်များ၊ ဈေးနှုန်းသင့်တော်သော စတိုးဆိုင်များ၊ အားကစား အပန်းဖြေနည်းအစုံ၊ ဝါသနာပါရာအနုပညာ လိုက်စားစရာ အစုံအလင်ရှိသော ပျော်ရွှင်ဖွယ်ရာ အဖွဲ့ အစည်းဖြစ်ခြင်း စသည့်အချက်များ ပါ၀င်ပါသည်။ 

   

#ပိုမိုဦးစားပေး သင်ကြားပေး

ယခုဖွင့်လှစ်လျက်ရှိသော Naypyitaw State Academy တွင် အကယ်ဒမီ ကျောင်းတစ်ခု၏ လိုအပ်ချက်များကို နိုင်ငံတော်က အတတ်နိုင်ဆုံး ပံ့ပိုးပေးထားသည်ကို တွေ့ရပါသည်။ တက္ကသိုလ်နှင့် အကယ်ဒမီသည် ပညာရပ်များကို သင်ကြားပေးသည့်နေရာများ ဖြစ်ပါသည်။ အကယ်ဒမီသည် အသက်မွေး၀မ်း ကျောင်းပညာရပ်များကို ပိုမိုဦးစားပေး သင်ကြားပေးပါသည်။ အသက်မွေး ၀မ်းကျောင်းပညာရပ်များကို ကျောင်းသားများအား တတ်ကျွမ်းနားလည် အောင် သင်ကြားပေးနိုင်သော ဆရာ ဆရာမကောင်းများစွာဖြင့် သင်ကြားပေးပြီး ဘွဲ့ရပြီးပါက သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ထူးချွန်သည့် အတတ်ပညာရှင် အသိပညာရှင်များဖြစ်ရန် မွေးထုတ်ပေးနေသည့်နေရာဖြစ်ပါသည်။

   

#ဖွင့်လှစ်သင်ကြားလျက်ရှိ

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီး ဌာနအောက်၌ တက္ကသိုလ်ဒီဂရီ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်ဒီဂရီကောလိပ် ကျောင်းများအပါအ၀င် စုစုပေါင်း ၁၇၅ ကျောင်းကို ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရပါသည်။ နိုင်ငံတော်ဝန်ကြီး ချုပ်က “ကြောင်းကျိုးဆက်စပ်တွေးခေါ် မှုကို အခြေခံသည့် သင်ကြားသင်ယူမှုကို အလေးထားအားပေးပြီး အသုံးချ သုတေသနများနှင့် နိုင်ငံတော်၏ လူမှု စီးပွားဘဝ ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များ မွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ် ဖြစ်စေရန်အတွက် ဦးတည်ချက်ထား ကြိုးပမ်းသွားကြရမည် ” ဟု Naypyitaw State Academy ဖွင့်ပွဲတွင် ထည့်သွင်း ပြောကြားသွားပါသည်။ ဤအချက်မှာ နိုင်ငံတော်အကြီးအကဲက နိုင်ငံအကျိုးပြု ထိပ်တန်းတက္ကသိုလ် ဖြစ်ရန် လိုအပ်ချက်ကို အသိပေးလမ်းညွှန်သွားခြင်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်က အာရှတိုက်တွင် ဂုဏ်ယူခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ယခုအခါတွင်လည်း ထိုအခြေအနေကို ရောက်ရှိရန် ကြိုးစားနေကြပါသည်။ နေပြည်တော် မြို့တော်သည် ဝန်ကြီးဌာနပေါင်းစုံ ရုံးစိုက်ရာမြို့တော်ဖြစ် သဖြင့် ဝန်ကြီးဌာနအသီးသီးရှိ ကျွမ်းကျင် ပညာရှင်ကြီးများက Naypyitaw State Academy ကို သက်ဆိုင်ရာ ပညာရပ် နယ်ပယ်အသီးသီးတွင် ပါဝင်ကူညီ ဆောင်ရွက်ကာ အားဖြည့်ပေးမည် ဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေရှိ ၀န်ကြီးဌာန အသီးသီးမှ ဝန်ထမ်း သားသမီးများအတွက် အိုးမကွာ အိမ်မကွာ တက်ရောက်ပညာသင်ကြား နိုင်သည့် အခွင့်အရေးလည်း ရရှိနိုင်ပါသည်။

   

#ဝိုင်းဝန်းကြိုးစား 

နိုင်ငံတော်အစိုးရ၏ အားပေးမှုနှင့် ယခုဖွင့်လှစ်လိုက်သော Naypyitaw State Academy ကြီးကို တက္ကသိုလ် ဆရာဆရာမများ၊ စီမံခန့်ခွဲရေး၀န်ထမ်းများ၊ တက္ကသိုလ်နယ်မြေဝန်ထမ်းများက ပညာသင်ကြားရန် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများနှင့်အတူ နိုင်ငံတော်အဆင့်မှသည် ကမ္ဘာ့အဆင့် ထိပ်တန်းပညာရေးများ သင်ကြားပေးနေသော အကယ်ဒမီကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးစားသွားကြမည်ဟု ယုံကြည် မိပါတော့သည်။ ။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)