အချိုးကျကိုယ်စားပြုစနစ် ( PR ) နှင့် မြန်မာနိုင်ငံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အချိုးကျကိုယ်စားပြုစနစ် ( PR ) နှင့် မြန်မာနိုင်ငံ


#ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲစနစ်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သမ္မတရွေးကောက်ပွဲများ၊ ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများ၊ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများ ကျင်းပရာ၌ မိမိ ကျင့်သုံးသည့် နိုင်ငံရေးစနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ များ၊ နိုင်ငံသမိုင်းကြောင်း အခြေအနေတို့အပေါ် မူတည်၍ ရွေးကောက်ပွဲစနစ် အမျိုးမျိုးကို ရွေးချယ်အသုံးပြုကြသည်။ ရွေးကောက်ပွဲစနစ် တစ်မျိုးတည်းသာ အသုံးပြုခြင်း၊ လွှတ်တော် တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ် တစ်မျိုးစီ ခွဲခြားကျင့်သုံးခြင်း၊ ရွေးကောက်ပွဲစနစ်နှစ်မျိုး ပူးတွဲကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲစနစ်ကို ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းတို့အပြင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်သစ်တစ်ခု တီထွင်အသုံးပြုခြင်း များလည်း ရှိကြသည်။


   မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများ တွင် မဲအများဆုံးရသူ အရွေးခံရသည့်စနစ် (First Past the Post - FPTP)၊ တစ်နည်း နိုင်သူအကုန်ယူစနစ် (Winner takes all) ကို ကျင့်သုံးခဲ့ကြသည်။ သို့ရာတွင် ယင်းကာလဖြစ်သည့် ၁၃- ၇- ၂၀၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီ ၁၀ ပါတီ ပါဝင်သည့် ဒီမိုကရေစီမိတ်ဆွေ ပါတီများက ရွေးကောက်ပွဲစနစ် ပြုပြင်ရေးနှင့်ပတ်သက်၍ အကြံပြုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ တင်ပြခြင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ ၃- ၆-၂၀၁၄ ရက်နေ့တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်အဆို အတည်ပြုအောင်မြင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်း၊ ကြုံတွေ့ခဲ့သောဖြစ်စဉ်များကို လေ့လာသုံးသပ်ပြီး မိမိနိုင်ငံနှင့် ကိုက်ညီသင့်လျော်သည့် ရွေးကောက်ပွဲစနစ်ကို ရွေးချယ်အသုံးပြုရန် လိုအပ် လာပါသည်။


   နိုင်ငံတကာတွင် ကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်များ

   နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များကို လေ့လာဆန်းစစ်မှုများအရ အောက်ပါအတိုင်း အုပ်စုသုံးစု တွေ့ရှိ ရသည် -

(က) ဗဟုအများစုကိုယ်စားပြုစနစ် (Plurality/Majority System)

(ခ) အချိုးကျကိုယ်စားပြုစနစ် (Proportional Repre-sentation System)

( ဂ ) အခြားစနစ် (Other System)

   ဗဟုအများစုကိုယ်စားပြုစနစ်တွင် မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP)၊ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲမရ၍ မဲနှစ်ကြိမ်ပြန်ပေးရသည့် နှစ်ကျော့ပြန်စနစ် (Two Round System–TRS)၊ ကိုယ်စားလှယ် ဗဟိုပြု မဲအများစုစနစ် (Block Vote – BV)၊ ပါတီဗဟိုပြုအများစုစနစ် (Party Block Vote – PBV)၊ ကြိုက်နှစ်သက်မှု မဲအများစုစနစ် (Alternative Vote – AV ) တို့ ပါဝင်သည်။

   အခြားစနစ်တွင် လွှဲပြောင်း၍မရသော တစ်မဲပေးစနစ် ( Single Non Transferable Vote – SNTV )၊ ကန့်သတ်မဲပေးစနစ် (Limited Vote – LV )နှင့် ဦးစားပေးမှုကို တွက်ချက်သောစနစ် (Borda Count – BC ) အစရှိသည့်တို့ပါဝင်သည်။

   အချိုးကျကိုယ်စားပြုစနစ် (Proportional Representation- PR)

   အချိုးကျကိုယ်စားပြုစနစ် (PR) ဆိုသည်မှာ တစ်ဦးထက်ပိုသော ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ရန်အတွက် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက် ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့် စနစ်လည်းဖြစ်သည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ရရှိသောထောက်ခံဆန္ဒမဲအပေါ် မူတည်ပြီး ရွေးကောက်တင်မြှောက်ခံရနိုင်သည်။ အချိုးကျကိုယ်စားပြုစနစ်ကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်သည် - 

(က) ပါတီအမည်ကို မူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (Party List Proportional Representation System– LPR )

( ခ ) ရောနှောထားသည့် အချိုးကျကိုယ်စားပြုစနစ် ( Mixed Member Proportional System – MMP )

( ဂ ) လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote – STV )


   ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List – PR) တွင် စာရင်းပိတ် (Closed List)၊ စာရင်းဖွင့် (Open List) နှင့် စာရင်းလွတ် (Free List)တို့ ပါရှိသည်။ ရောနှောထားသည့် အချိုးကျကိုယ်စားပြုစနစ်သည် သာမန်အားဖြင့် FPTP နှင့် PR ကို ရောနှော ကျင့်သုံးသည့် စနစ်ဖြစ်သည်။ ယင်းစနစ်တွင် ပူးတွဲအပြိုင်စနစ် (Parallel System) နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional System) တို့ ပါဝင်ကြသည်။ Single Transferable Vote စနစ်မှာ မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်၏ အဆင့်ကို သတ်မှတ်ပေးပြီး ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဦးစားပေး၍ ဆန္ဒမဲပေးခြင်းဖြစ်သည်။ ပထမဦးစားပေး မဲဝေစုရ သည့် ကိုယ်စားလှယ်လောင်းက ရွေးချယ်ခံရပြီး သတ်မှတ်အရေအတွက်ထက် ပိုသောမဲများကို ကျန်ကိုယ်စားလှယ်များထံ ဖြန့်ဝေနိုင်သော စနစ်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနက် မဲအများဆုံးရသူ အရွေးခံရသည့်စနစ် ကျင့်သုံးသည့်နိုင်ငံ ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးသည့်နိုင်ငံ ၁၁၁ နိုင်ငံနှင့် အခြားစနစ်ကျင့်သုံးသည့်နိုင်ငံ ရှစ်နိုင်ငံဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည်။


   အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် မဲအများဆုံးရသူအနိုင်ရစနစ် (FPTP) ခြားနားချက်

   အချိုးကျကိုယ်စားပြုစနစ် (PR)နှင့် မဲအများဆုံးရသူအနိုင်ရသည့် FPTP စနစ် အသီးသီးတွင် အားနည်းချက်၊ အားသာချက်အပါအဝင် ခြားနားချက်များစွာရှိသည်။ အဓိကခြားနားချက်မှာ မဲဆန္ဒရှင် ပြည်သူ များက ပေးလိုက်သည့် ဆန္ဒမဲများ၏ တန်ဖိုးနှင့် သက်ရောက်မှု ကွာခြားခြင်းဖြစ်သည်။ FPTP စနစ်ဖြင့် ကျင်းပသည့်ရွေးကောက်ပွဲများ တွင် အနိုင်ရသူရရှိသည့် ဆန္ဒမဲအရေအတွက်သည် ခိုင်လုံမဲစုစုပေါင်း၏ ထက်ဝက်အောက် ရှိသော်လည်း ယင်းကိုယ်စားလှယ်ကို ပေးလိုက်သည့် ဆန္ဒမဲများကသာ တန်ဖိုးနှင့်သက်ရောက်မှုရှိပြီး ကျန်ဆန္ဒမဲများမှာ တန်ဖိုးနှင့်သက်ရောက်မှုလုံးဝမရှိ အဟောသိကံ၊ အလဟဿ ဖြစ်ခြင်းဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပသည့် ရွေးကောက်ပွဲတွင်မူ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလများ အပါအဝင်မဲဆန္ဒရှင်များက ပေးလိုက်သည့် ဆန္ဒမဲအရေ အတွက် စုစုပေါင်းအပေါ် မိမိတို့ရရှိသည့် ဆန္ဒမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာ ရရှိခြင်းဖြင့် ဆန္ဒမဲအားလုံးနီးပါး၏ တန်ဖိုးနှင့် သက်ရောက်မှုရှိခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍လည်း FPTP စနစ်ဖြင့် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကို လေ့လာပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ ရရှိသောခိုင်လုံမဲများ၏ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်ရရှိသည့် ရာခိုင်နှုန်း အချိုးအစား ညီညွတ်မျှတမှုမရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။


   အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုရလဒ်

   နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခြင်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ၌ လေးကြိမ်ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီအများစု တက်ရောက် ခဲ့သည်။ ပထမနှစ်ကြိမ်ကို နေပြည်တော်တွင် ဆောင်ရွက်ခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးကို မူအားဖြင့် သဘောတူညီခဲ့ကြသည်။ ဒုတိယနှစ်ကြိမ်ကိုမူ ရန်ကုန်မြို့တွင် ဆောင်ရွက်ခဲ့ပြီး ပါတီများ၏ စာတမ်းများဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းနှင့် စပ်လျဉ်း၍ ပါတီအစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်းပြီး စာတမ်းများ ဖတ်ကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ရလဒ်အဖြစ် အောက်ပါဘုံသဘောတူညီချက်များ ရရှိခဲ့သည် -

(က) လာမည့်ရွေးကောက်ပွဲများတွင် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed List – PR) စတင်ကျင့်သုံးရန်၊

( ခ ) မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်မြင့်တက်လာချိန်တွင် (Open List – PR) သို့မဟုတ် အခြား PR စနစ် တစ်မျိုးမျိုးကို ပြောင်းလဲကျင့်သုံးရန်၊

( ဂ ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက် တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘဲ မဲဆန္ဒနယ်များကို ပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ် ဆောင်ရွက်ရန်၊

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ (က) ပါ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ ဒေသများမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁ (ခ) ပါ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန် အတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊

( င ) (Closed List -PR)အတွက် နိုင်ငံရေးပါတီများက မိမိပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်သို့ ကြိုတင် တင်ပြရန်၊ 

( စ ) မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလိုသည့်ပါတီနှင့် ၎င်းပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို သိရှိနိုင်ရန် ပါတီအမည်အောက်တွင် ကိုယ်စားလှယ် လောင်း အမည်နှင့် ဓာတ်ပုံ ဖော်ပြထားသော ဗီနိုင်း ပိုစတာများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားရန်၊

(ဆ) (Closed List- PR) စနစ်ဖြင့် မဲရေတွက်မှုနည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲအများဆုံးစနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ် အလိုက် ခိုင်လုံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်တစ်ဦး ရရှိရမည့် အနိမ့်ဆုံးအခြေခံမဲ (Threshold) သတ်မှတ်ရန်၊

( ဇ ) PR စနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွ လာနိုင်မှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်လည်းကောင်း၊ ညွှန်ကြားကြပ်မတ် ထိန်းကျောင်းခြင်းဖြင့်လည်းကောင်း ကန့်သတ်ရန်၊

( ဈ ) ပြောင်းလဲကျင့်သုံးမည့် PR စနစ်ဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူ များ နားလည်သဘောပေါက်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။


   လွှတ်တော်သုံးရပ်အတွက် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်မှု

   ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ (က) ပြည်သူ့လွှတ်တော်ဖွဲ့စည်း ခြင်းတွင် “ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက် တင်မြှောက်သည့် ၃၃၀ ထက် မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ (က) အမျိုးသား လွှတ်တော်ဖွဲ့စည်းခြင်းတွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး ” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဖွဲ့စည်းခြင်း တွင် “ မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက် သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းပါ ပုဒ်မ ၃၉၉ (ဂ)အရ “မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း” သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ပြီး ပုဒ်မ ၄၀၂ (က)အရ “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ”နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားသည်။ သို့ဖြစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေအတွက်အတိုင်း ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ မဲဆန္ဒနယ် များ သတ်မှတ်ပြီး လွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ် (PR) အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမရှိဘဲ ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်သည်။


   သို့ဖြစ်ရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သုံးရပ်လုံးကို PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန်အတွက် ကျယ်ဝန်းသော မဲဆန္ဒနယ် နှင့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရန် လိုအပ်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ၃၃၀ ထက်မပိုသော ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရမည်ဖြစ်ရာ လူဦးရေကို အခြေခံတွက်ချက် ပါက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုယ်စားလှယ်ရရှိမှုများ ပြောင်းလဲပြီး လူဦးရေနည်းသည့် ပြည်နယ်များအတွက် ကိုယ်စားလှယ် အရေအတွက် များစွာလျော့နည်းနိုင်သဖြင့် ယခင်နည်းတူ မြို့နယ်ကိုသာ အခြေခံတွက်ချက်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် များကို တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ခရိုင်/ မြို့နယ်များကို လိုအပ်သလိုစုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါမည်။

   အလားတူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ ရွေးကောက်တင်မြှောက်နိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များ လိုအပ်သလို ပိုင်းခြားသတ်မှတ်နိုင်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ရာတွင်မူ မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်ရမည်ဖြစ်၍ တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ဆောင်ရွက်နိုင်ပါသည်။


   သို့ရာတွင် အမျိုးသားလွှတ်တော်ဖွဲ့စည်းရာတွင် ပါရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဖွဲ့စည်းရာတွင်ပါရှိသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်ချက်နှင့်အညီ ရရှိမည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကိုမူ တစ်ဦးစီသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်သဖြင့် FPTP စနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

   အချိုးကျကိုယ်စားပြုစနစ် (Closed List) ဖြင့် ရွေးကောက်ပွဲကျင်းပခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်း

   အချိုးကျကိုယ်စားပြုစနစ် (Closed List)ဖြင့် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်အလိုက် ရွေးကောက် တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို သတ်မှတ်ချက်နှင့်အညီ စိစစ်ခြင်းနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာခြင်းများ ဆောင်ရွက်ရ သည်။ Closed List – PR စနစ်သည် ပါတီကိုသာ မဲပေးရခြင်းဖြစ်၍ ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ် လောင်းများကို အများပြည်သူလေ့လာ သိရှိနိုင်ရန်အတွက် မဲဆွယ်စည်းရုံးရေး ကာလအတွင်း မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းစာရင်းကို ဗီနိုင်း၊ ပိုစတာ စသည်များဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားခွင့်ရရှိမည်ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်ပြီးပါက မဲဆန္ဒနယ်ပြင်ပနှင့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများ၌ မဲပေးခြင်းနှင့်မဲရေတွက်ခြင်းများ ဆောင်ရွက်ပြီးနောက် ရလဒ်စာရင်းဇယားများကို မဲရုံမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲများက သတ်မှတ်ပုံစံအတိုင်း ရေတွက်ဖြည့်သွင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ သို့ ပေးပို့ရသည်။ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် PR မဲဆန္ဒနယ်များအလိုက် ရလဒ်များကို စုစည်းပြီး နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များရရှိသည့် ခိုင်လုံမဲအရေအတွက်ကို တွက်ချက်ခြင်း၊ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက်ဖြင့် စားခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ Threshold တွက်ချက်သတ်မှတ်ခြင်းများ ဆောင်ရွက်ရသည်။ ယင်းနောက် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရ မည့် ကိုယ်စားလှယ်ဦးရေ ပြည့်မီသည်အထိ ကြွင်းကျန်မဲအများဆုံး စနစ် (Largest Remainder Formula) ဖြင့် တွက်ချက်ခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။

   အချိုးကျကိုယ်စားပြုစနစ်(PR)၏ အားသာချက်များနှင့် တိုင်းရင်းသားများအတွက် အခွင့်အလမ်းများ

   အချိုးကျကိုယ်စားပြုစနစ်(PR)၏ အဓိကအားသာချက်မှာ မဲဆန္ဒရှင်ပြည်သူများက ပေးသော ဆန္ဒမဲများ အဟောသိကံ၊ အလဟဿဖြစ်မှု အလွန်နည်းပါးခြင်းဖြစ်သည့်အပြင် အောက်ပါ အားသာချက်များရှိသည် -

(က) ကိုယ်စားပြုမှုကို အချိုးကျသတ်မှတ်ခြင်းဖြစ်၍ အချိုးအစားကျနသော ဥပဒေပြုလွှတ်တော်ကို ပုံဖော် နိုင်ပြီး ပါတီစုံစနစ်(Multi-party System) ကို ပေါ်လွင် အားကောင်းစေခြင်း၊

( ခ ) လွှတ်တော်အတွင်း ပါတီကြီးများ၏ လက်ဝါးကြီးအုပ်မှုကို ကန့်သတ်ပေးခြင်းနှင့် ပါတီကြီးတစ်ခု၏ မူဝါဒနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်း၊

( ဂ ) လူနည်းစုများ၏ ဆန္ဒသဘောထားကို ဖော်ထုတ်နိုင်ပြီး ပါတီငယ်များအနေဖြင့် ပါတီကြီးများကဲ့သို့ ကိုယ်စားလှယ် နေရာရရှိနိုင်ပြီး ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်း၊

(ဃ) မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံရသော ပါတီစုံမှ ကိုယ်စားလှယ်များသည် မဲဆန္ဒနယ်တစ်ခုလုံး၏ ကိုယ်စားလှယ်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်းရှိ ပြည်သူလူထု အားလုံးကို ကိုယ်စားပြုသဖြင့် ကိုယ်စားလှယ်အချင်းချင်း၊ ပါတီအချင်းချင်း ပြည်သူလူထု ထောက်ခံမှုရရှိရေး အပြိုင် ကြိုးစားစေသည့် အားသာချက်ရှိခြင်း၊

( င ) စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် အသုံးပြုခြင်းဖြင့် လူပုဂ္ဂိုလ်ထက် ပါတီဦးဆောင်မှုမြင့်မားစေပြီး ပါတီများ ၏ မူဝါဒလမ်းစဉ်များ ပိုမိုတည်တံ့ခိုင်မြဲစေခြင်း၊

( စ ) မဲဆန္ဒရှင်များအနေဖြင့် မဲရုံများသို့ သွားရောက် မဲပေးခြင်း သည် တန်ဖိုးရှိသည်ဟူသောအမြင်နှင့် ယုံကြည်မှုမြင့်မား လာပြီး မဲပေးမှုရာခိုင်နှုန်း (Voter Turn Out) ကောင်းလာ စေခြင်း၊

(ဆ) ပါတီစုံနှင့် လူတန်းစားစုံ၊ အလွှာစုံမှ ကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရ တစ်ရပ် ဖွဲ့စည်းဖော်ဆောင်နိုင်ခြင်းတို့ဖြစ်သည်။


   အလားတူ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားပါတီများ၊ လူနည်းစုများနှင့် ပါတီငယ်များအတွက် အောက်ပါအခွင့်အလမ်းများနှင့် အားသာချက်များ ရရှိနိုင်ပါသည် -

(က) တိုင်းရင်းသားပါတီများနှင့် လူနည်းစုပါတီများအနေဖြင့် ကိုယ်စားလှယ်နေရာ ပိုမိုရရှိပြီး ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပိုမို ပါဝင် ခွင့်ရရှိခြင်း၊

( ခ ) တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ထောင်စုလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် ပိုမိုပါဝင်ခွင့်ရရှိပြီး မိမိ တိုင်းရင်းသားမျိုးနွယ်စု၏ အကျိုးကို ပိုမိုဖန်တီး ဖော်ဆောင်နိုင်ခြင်း၊

( ဂ ) လွှတ်တော်အတွင်း ပါတီစုံ၊ တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များနှင့် အမျိုးသမီး ကိုယ်စားလှယ်များ စုံညီမျှတစွာ အချိုးကျကိုယ်စားပြုခွင့်ရရှိခြင်းဖြင့် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု ကြီးပေါ်ထွန်းရေး အထောက်အကူဖြစ်ခြင်းတို့ ဖြစ်ပါသည်။


   နိဂုံး

   မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းနှင့် ဖြစ်စဉ်များကို လေ့လာသုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည့် အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ အချိုးကျကိုယ်စားပြု စနစ်(PR)ကျင့်သုံးခြင်းဖြင့် တစ်ပါတီကြီးစိုးမှု လျှော့ချနိုင်ပြီး ပါတီစုံ စနစ်ခိုင်မာအားကောင်းခြင်း၊ တိုင်းရင်းသားလူမျိုးစုပါတီများနှင့် ပါတီငယ်များ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရပြီး မိမိဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရရှိနိုင်ခြင်း အစရှိသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်သည်။

   နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဖြစ်ရာ ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ရွေးကောက်ပွဲများကို အကြားအလပ်မရှိ ကျင်းပနိုင်ရပါမည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက်မှာ မဲဆန္ဒနယ်များ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိရန်ဖြစ်သည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီး နိုင်ငံတော်က မျှော်မှန်း သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။


မောင်ကောင်းဆု

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)