MNP - ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာရေးဆရာမောင်းမိုးယံရေးသားသည့် “လူငယ်နှင့်(အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ)” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်တို့သည် မိမိကိုယ်မိမိပြုစုပျိုးထောင်ရာတွင် စာပေကသာတည့်မတ် ထိန်းကျောင်းနိုင်သည်ကို သိဖို့လိုပါကြောင်း၊ အညှီအဟောက်နှင့်တဏှာမှိုင်းတိုက်သော စာပေ၊ သုတရသကို မပေးစွမ်းနိုင်သော စာပေများသည် လူငယ်တို့အတွက် အချိန်ကုန် လူပန်းဘဝနွမ်းစေနိုင်ကြောင်းကို သတိပြုသင့်ပါကြောင်း၊ လူငယ်တို့၏အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လမ်းနိုင်ဖို့ဆိုလျှင် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးပြီး အနှစ်သာရရှိသောစာပေများကို မြတ်နိုးစွာဖတ်ကြဖို့လိုပါကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းကောင်ကျောက်က “လူငယ်နှင့်ခရီးသွားခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင်ကျောင်းသူ မနန်းရှဲန်အင်က “လူငယ်နှင့်လူမှုဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းစစ်တုရင်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အားချာ
https://t.me/MyanmarNationalPost



No comments:
Post a Comment