Pages

Pages

သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး





MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၃ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယမန်နေ့၊ နံနက်က သထုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျှက်ရှိကြောင်း သိရသည်။


ချေးငွေထုတ်ပေးရာတွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်အေးအေးသိန်းက ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့်ကာလနှင့် အပြေအကြေပြန်လည်ပေးဆပ်ကြရေးဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါနေ့‌တွင် သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံး အ‌ကြေပြန်လည် ပေးဆပ်ခဲ့သည့် ဓနုကတိုက်ကျေးရွာမှ တောင်သူ ၄၃ ဦးတို့၏ စိုက်ဧက ၃၆၈ ဧကအတွက် ချေးငွေကျပ် ၅၅၂၀၀၀၀၀ ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။


စိုက်ပျိုးစရိတ်ချေးငွေ ယူမည့်တောင်သူများအနေဖြင့် ပုံစံ ၇ အမည်ပေါက် ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက်ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေကော်မတီအဖွဲ့၏ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကာ တစ်ဧကလျင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧက အထိ ထုတ်ချေးပေးခြင်းဖြစ်သည်။


သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အပြေအကြေပြန်လည်ဆပ်ပြီးသည့်တောင်သူတို့၏ မိုးစပါးစိုက်ဧကပေါင်း ၃၂၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၄၈၀၀၀ ခန့်အား မေလ ၁၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထား‌ကြောင်း သထုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။


နဒီ

 https://t.me/MyanmarNationalPost














No comments:

Post a Comment