Pages

Pages

ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး


MNP ၊ ဇွန် ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား ၂၃-၆-၂၀၂၃ ရက်နေ့က ရန်ကုန်မြို့ ဝင်ဒမ်ဂရန်းရန်ကုန်ဟိုတယ်၌ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အကြိုအဖြစ် ရန်ကုန်မြို့၌ “Let’s Go VACS YANGON Travel Fair 2023” အမည်ဖြင့် ခရီးသွားပြပွဲကြီး ကျင်းပမည့်အစီအစဉ်များ၊ ပြခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသသွားနိုင်ရေးဆောင်ရွက်မည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဆက်စပ်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံ၍ ရုရှားနိုင်ငံမှ ခရီးသွားစာရေးဆရာများ၊ သတင်းမီဒီယာများ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်များ (Familiarization-FAM Trip) စီစဉ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ India Center ၌ အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း (India Myanmar Chamber of Commerce -IMCC) နာယက၊ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အတွင်းရေမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုကို အာဆီယံအပေါင်းအိန္ဒိယ၊ ဘင်းမ်စတက်(စ်)နှင့် မဲခေါင်- ဂင်္ဂါ ခရီးသွားလုပ်ငန်း မူဘောင်အတွင်းက အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အိန္ဒိယ ခရီးသွားဧည့်သည် တစ်သိန်းကျော်ဝင်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် လျော့နည်းကျဆင်းခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးပြီးနောက် ယခုနှစ် မေလအထိဝင်ရောက်မှုအနေဖြင့် ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၂၄၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း။

ယနေ့တွေ့ဆုံပွဲမှ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်သော ပလက် ဖောင်းတစ်ခုဖြစ်လာမည်ဟုယုံကြည်ကြောင်း၊ IMCC အနေဖြင့် ခိုင်မာအားကောင်းသော အဖွဲ့အစည်း တစ်ခုဖြစ်သည့်အတွက် နှစ်နိုင်ငံစီးပွားရေး တိုးမြှင့်မှု တွင် အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် များက ဗီဇာကိစ္စရပ်များ၊ အာမခံနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များ၊ မျှော်မှန်းဈေးကွက်အခြေအနေများနှင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar ၊ IMCC ၏ President Mr. Naresh Kumar နှင့်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق