Pages

Pages

အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မင်းကျောင်းပထမပြန်စာသင်တိုက် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ

 အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေး၌ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မင်းကျောင်းပထမပြန်စာသင်တိုက် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ

 


အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား-

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင်ပါဝင်ကြသည့် ရဟန်းတော်အားလုံး စိတ်ဝမ်းမကွဲတစ်သားတည်းညီညွတ်နေလျှင် တပည့်တော်တို့ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်တစ်ခုလုံး ဘေးရန်ကင်းကွာ ချမ်းသာနေမည်ဖြစ်ပါသည်။ သန့်ရှင်းတည်တံ့ ပြန့်ပွားနေမည်ဖြစ် ပါသည်ဘုရား။ နိုင်ငံသူနိုင်ငံသားတို့ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ် စည်းလုံးနေကြပါလျှင် တစ်နိုင်ငံလုံးဘေးရန်ကင်းကွာ ချမ်းသာနေမည် ဖြစ်ပါသည်ဘုရား။


“သခိလာ”ဟူသော ပါဌ်၌ “သခိလာ သိလိဋ္ဌာမေတ္တာယ ဓုရဂတာယ သောဘမာနာ ဟောထာတိ အတ္ထော” (အပဒါန၊ ဋ္ဌ၊ ၁၊ ၁၂၇) ဟူသော အဋ္ဌကထာ အဖွင့်နှင့်အညီ နူးညံ့ပြေပြစ် ချစ်ဖွယ်သောစကားကို ပြောဆိုတတ်သူသည် “သခိလ” မည်ပါသည်။ ထိုနူးညံ့ပြေပြစ် ချစ်ဖွယ် သောစကားကို ပြောဆိုတတ်သူ၏ဖြစ်ကြောင်း(ဝါ) ထိုနူးညံ့ပြေပြစ် ချစ်ဖွယ်သောစကားကို ပြောဆိုတတ်သူဖြစ်အောင် ပြုတတ်သော မဟာကုသိုလ်၊ မဟာကြိယာစိတ္တုပ္ပါဒ်ကို “သာခလျ” ဟု ခေါ်ဆိုပါသည် ဘုရား။ “တတ္ထ ကတမံ သာခလျံ၊ ယာသာဝါစာအဏ္ဍကာ ကက္ကသာ ပရကဋုကာ ပရာဘိသဇ္ဇနီ ကောဓသာမန္တာ အသမာဓိသံဝတ္တနိကာ တထာရူပိံ ဝါစံ ပဟာယ ယာ သာဝါစာနေဠာ ကဏ္ဏသုခါ ပေမနိယာဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ တထာရူပိံ ဝါစံဘာသိတာ ဟောတိ၊ ယာတတ္ထ သဏှဝါစတာ သခိလဝါစတာ အဖရုသဝါစတာ။ ဣဒံ ဝုစ္စတိသာခလျံ” (ဏီ၊ ၂၀၆) ဟူသောဓမ္မသင်္ဂဏီပါဠိတော်နှင့်အညီ တပည့်တော်တို့ နိုင်ငံတော်သံဃမဟာ နာယက အရှင်မြတ်တို့သည် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာ ရေးရာဟူသည့် သာသနာ့ကိစ္စအဝဝတို့ကို တိုင်ပင်ဆွေးနွေးညှိနှိုင်း ပြောဆိုကြရာ၌ နူးညံ့ပြေပြစ်ချစ်ဖွယ်စကား ပြောကြားမိန့်ဆိုတတ်သော “သခိလ” ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြ၍ “သာခလျ”ဟု ခေါ်ဆိုအပ်သော မဟာကုသိုလ် စိတ္တုပ္ပါဒ်များ အထပ်ထပ်ဖြစ်ပွားစေ ကြရမည်ဖြစ်ပါသည်ဘုရား။


ထိုသို့ သာခလျဟုခေါ်ဆိုအပ်သော မဟာကုသိုလ်စိတ္တုပ္ပါဒ်များ အစဉ်မပြတ် ဇောအထပ်ထပ်ဖြစ်စေရန်-


အဏ္ဍက - ခုံသန၊ ဝမ္ဘန စသောစကားတို့ ဖြင့် မပြေမပြစ် အဖုအထစ်ရှိသော စကား၊

ကက္ကသ - ကြမ်းတမ်းသော၊ နားမချမ်းသာဖွယ် ဖြစ်သောစကား၊

ပရကဋုက - သူတစ်ပါးတို့အတွက် ခါးစပ်သော အရသာနှင့်တူသော စကား၊

ပရာဘိသဇ္ဇနီ    - သွားလိုရာသွားခွင့်မပေးဘဲ ငြိတွယ်တတ်သောဆူးခက်ကဲ့သို့ သူတစ်ပါးတို့စိတ်၌ ထိုးဆွ၍ ထိုးဆွ၍လွန်စွာငြိကပ်တတ်၊ သူတစ်ပါးတို့ စိတ်ကိုထိခိုက်စေတတ်သောစကား၊

ကောဓသာမန္တာ - အမျက်ဒေါသ၏အနီးအပါး၌ ဖြစ်သော အမျက်ဒေါသထွက်လောက်အောင် ဖြစ်သော စကား၊

အသမာဓိ သံဝတ္တနိကာ - ဥပစာရသမာဓိ၊ အပ္ပနာသမာဓိကို မဖြစ်စေတတ်သောစကား၊


ဤခြောက်မျိုးသော စကားတို့ကို ပယ်ရှားတော်မူကြရမည်ဖြစ်ပါသည် ဘုရား။


ထို့အပြင် -

နေဠာ - အပြစ်ကင်းစင်သော စကား၊

ကဏ္ဏသုခ - နားချမ်းသာသော (နားဝင်ချိုသော)စကား၊

ပေမနီယ - ချစ်ခင်နှစ်သက်ဖွယ် မြတ်နိုးဖွယ် သော စကား၊

ဟဒယင်္ဂမ - မထိခိုက်ဘဲ ချမ်းသာစွာ စိတ်နှလုံးသို့ သက်ဝင်သော စကား၊

ပေါရီ - မြို့ကြီးသူတို့၏ စကားသဖွယ် ယဉ်ကျေးသော စကား၊

ဗဟုဇနကန္တ - လူအများနှစ်သက်အပ်သောစကား၊

ဗဟုဇနမနာပ   - နှစ်သက်မြတ်နိုးအပ်သည်၏အဖြစ်ဖြင့် လူအများ၏စိတ်ကို တိုးပွားစေတတ်သော စကား၊


ဤခုနစ်မျိုးသော စကားတို့ကိုသာ ပြောဆိုဆွေးနွေးတော်မူကြပါရန် လျှောက်ထားပါသည်ဘုရား။


ဆရာတော်အရှင်မြတ်တို့ဘုရား- ဤအဆုံးအမသြဝါဒသည် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးကြကုန်သော အဆူဆူသောဘုရားရှင်တို့၏ အဆုံးအမသြဝါဒဖြစ်ပါသည် ဘုရား။ ထို့ကြောင့် ဘုရားရှင်၏တပည့်သားတော်များဖြစ်ကြကုန်သော တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်မြတ်တို့အနေဖြင့် ဤအဆုံးအမသြဝါဒကို လေးလေးနက်နက်ခံယူကြကာ လိုက်နာကျင့်သုံးတော်မူကြပါရန် လျှောက်ထားရင်း တပည့်တော်၏ သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသည် ဘုရား။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق