MNP ၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား စံချိန်စံနှုန်းဆိုင်ရာနှင့် နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms. Cai Xuping ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း အား ၂၄-၇-၂၀၂၃ ရက်၊ (၁၀၃၀)နာရီအချိန်တွင် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် Ms. Cai Xuping က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်တို့တွင် ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့၌ ကျင်းပမည့် (၃) ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ ကောင်စစ်ဝန်ချုပ်အပါအဝင် မြန်မာနိုင်ငံမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ရန် ဖိတ်ကြားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်မှ ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဉ်များအနက် “စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ခေါင်းစဉ်တွင် လာရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်တက်ရောက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ အများဆုံးတင်သွင်းလျက်ရှိပြီး၊ လျှိုကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဉ် အဓိကထုတ်လုပ်သည့် မြို့တစ်မြို့ဖြစ်ရာ ထိုသို့ လာရောက်လေ့လာနိုင်ခြင်းဖြင့် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများ ရရှိကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်၌လည်း စွမ်းအင်သစ်သုံးမော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများ တည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ရာ၊ Ms. Cai Xuping က မြန်မာကိုယ်စားလှယ်အဖွဲ့ လျှိုကျိုးမြို့တွင် “စွမ်းအင်သစ်သုံးမော်တော်ယာဉ်” ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် “စွမ်းအင်သစ်သုံးမော်တော်ယာဉ်”နှင့်ဆက်စပ်သည့် ဖိုရမ်တစ်ခုကိုလည်း စီစဉ်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
#MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق