Pages

Pages

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီးများနှင့် လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီး Most Ven . Bounma Simmaphom နှင့်အဖွဲ့တွေ့ဆုံ


MNP ၊ ဇူလိုင် ၃၁

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးလေးပါးနှင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ် လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲသို့ ကြွရောက်တော် မူလာကြသည့် လာအိုနိုင်ငံသံဃရာဇာဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက Most Ven. Bounma Simmaphom နှင့်အဖွဲ့တို့ တွေ့ဆုံပွဲအခမ်း အနားကို ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းဆောင် ဘုရားခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဂ္ဂမဟာပဏ္ဍိတအဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲသို့ လာအိုနိုင်ငံမှ သံဃရာဇာဆရာတော်ကြီး ကိုယ်တိုင် ကြွရောက်ချီးမြှောက်တော်မူသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓဘာသာပညာရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ အရည်အချင်းပြည့်မီသော ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များကို ပရိယတ္တိပညာသင်ယူနိုင်ရေးအတွက် အမြဲကြိုဆိုလျက်ရှိပါကြောင်း မိန့်ကြားတော်မူသည်။


ယင်းနောက် လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက Most Ven. Bounma Simmaphom က လာအိုနိုင်ငံရှိ သံဃာတော်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က ပရိယတ္တိစာပေပညာများ သင်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာများ အဓွန့်ရှည်တည်တံ့ပါစေကြောင်း မိန့်ကြားတော်မူသည်။


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက Most Ven. Bounma Simmaphom နှင့်အဖွဲ့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق