သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေ အစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ပြီး တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ထွက်ခွာရန် အကြောင်းကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေ အစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ပြီး တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ထွက်ခွာရန် အကြောင်းကြား




MNP ၊ သြဂုတ် ၂၈

ရန်ကုန်မြိုရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၅ - ၈ - ၂၀၂၃ ရက်နေ့၌ သံတမန်စာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


 တီမောလက်စ်တေ အစိုးရအနေဖြင့်  မြန်မာအစိုးရမှ တီမောလက်စ်တေအစိုးရအား ဆက်တိုက်ဆိုသလို သတိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသည့်ကြားမှ မြန်မာ−တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများအား အားပေးအားမြှောက်ပြုလျက် အကြမ်းဖက်မှုများ ကျူးလွန်ဆောင်ရွက် နေသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့သည်ကို သိရှိရကြောင်း၊ မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီမှ ပြည်ထောင်စုသမ္မတမြန်မာ  နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့် အချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ အသိပေး ပြောကြားထားသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တီမောလက်စ်တေအစိုးရ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များမှာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက် စေသည်သာမက အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သည့် NUG မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ ပိုမို လုပ်ဆောင်စေရန် အားပေးအားမြှောက်ပြုရာလည်းရောက်လျက်ရှိကြောင်း၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေ အစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ၂၇-၈-၂၀၂၃ ရက်နေ့ က ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။


တီမောလက်စ်တေအစိုးရသည် NUG အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်လှုံ့ဆော်သူ အောင်မျိုးမင်း၊ ဇင်မာအောင်တို့ အား ခေါ်ယူတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့သည့်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး က ၅-၇-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ခေါ်၍ ၁-၇-၂၀၂၃ ရက်က တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက် အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့သည့်ကိစ္စနှင့် တီမောလက်စ်တေသမ္မတမှ ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည့် ကိစ္စများနှင့် စပ်လျဉ်း၍ တီမောလက်စ်တေအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်းနှင့် ယင်းသို့တွေ့ဆုံမှုမျိုး နောင်တွင် မပြုလုပ်ရေး တိုက်တွန်းပြောကြားခဲ့ကာ ကန့်ကွက်သည့် သတိထောက်လွှာအား ပေးအပ်ခဲ့ဖူးသည်။ 


Myanmar National Post

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)