သထုံမြို့၌ အောက်တောင်ပြုံးမင်းနှစ်ပါးပွဲတော် ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၌ အောက်တောင်ပြုံးမင်းနှစ်ပါးပွဲတော် ကျင်းပပြုလုပ်






MNP ၊  ဩဂုတ်  ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဒေသအခေါ် အောက်တောင်ပြုံး မင်းနှစ်ပါးပွဲတော်ကို ယခုနှစ် ဝါဆိုလဆန်းပိုင်းမှစတင်ကာ သိမ်ကုန်းရပ်ကွက်ရှိ ဦးဗျတ်ဝိ၊ ဦးဗျတ္တ နတ်နန်း၌ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။


ယခုနှစ်သထုံမြို့၏ အောက်တောင်ပြုံး ပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက် (သြဂုတ် ၂၄ ရက်) မှ စတင်ပြီး ဝါခေါင်လဆုတ် ၃ ရက် (စက်တက်ဘာ ၃ ရက်) အထိ ၁၁ ရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း ဦးဗျတ်ဝိ၊ ဦးဗျတ္တ နတ်နန်း၏ နန်းထိန်း တစ်ဦးက ပြော သည်။


အောက်တောင်ပြုံးပွဲတွင် အဆောင်ကိုင်တက်ပွဲ၊ နတ်သဘင်ကြိုဆိုပွဲ၊ (၃၇)မင်းနတ်ကြီးကြိုပွဲ၊ ပုပ္ပါးမယ်တော်မယ်ဝဏ္ဏ တက်ပွဲ၊ တောင်ပြုံးမင်းနှစ်ပါးချိုးရေတော်သုံးသောပွဲ၊ ပခန်းဦးမင်းကျော်တက်ပွဲ၊ တောင်ပြုံး မင်းနှစ်ပါးအားယုန်ကင် ဆက်သပွဲ၊ ထိန်ခုတ်ပွဲ၊ လှေလှော်ပွဲ၊ တောင်ပြုံး မင်းနှစ်ပါးနှင့် တောင်တော်သခင်မ မရွှေဥယက္ကန်းခတ်ပွဲ၊ မင်းနှစ်ပါးနန်းတွင်းစားတော်ဆက်ပွဲတို့အား နေ့အလိုက် အစဉ်အတိုင်း ကျင်းပမည်ဖြစ်သည်။


သထုံမြို့သည် တောင်ပြုံးမင်းနှစ်ပါး၏ ဦးရီးတော် ဗျတ်ဝိနှင့် ဖခမည်းတော် ဗျတ္တတို့ သွေးမြေကျခဲ့ရသော နယ်မြေဖြစ်ခြင်းနှင့် သာသနာ့နယ်မြေ ဖြစ်ခြင်းတို့ကြောင့် ယုန်ကင်ဆက်သရာ၌ ယုန်အစစ်ကို မဆက်သဘဲ ရွှေငှက်ပျောသီးကို ယုန်သဏ္ဌာန် ပြုလုပ်ကာ ဆက်သရကြောင်း၊ အရက်ကိုလည်း ဆက်သရုံသာ ပြုလုပ်ရပြီး သောက်ခွင့်မရှိကြောင်း သိရသည်။


ပွဲတော်ရက်ကျင်းပရာတွင် တောင်ပြုံး မင်းနှစ်ပါး၏ ဦးရီးတော် ဗျတ်ဝိနှင့် ဖခမည်းတော် ဗျတ္တကို ပင့်ဖိတ်ကာ တောင်ပြုံးမင်း နှစ်ပါး ဖြစ်သော ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့၏ ချိုးရေတော်သုံးပွဲဖြစ်သည့် ဝါခေါင်လဆန်း ၁၁ ရက် နေ့သည် အစည်ကားဆုံးနေ့ ဖြစ်ကြောင်း ပွဲတော်၏ ထူးခြားချက်မှာ တောင်ပြုံးမင်းနှစ်ပါး၏ လောင်းလှေလှော်ပွဲနှင့် ယုန်ကင်ဆက်သပွဲ၊ ထိန်ပင်ခုတ်ပွဲ၊ တောင်ပြုံး မင်းနှစ်ပါးနှင့် တောင်တော်သခင်မ မရွှေဥတို့ ရက္ကန်းခတ်ပွဲ ပြုလုပ်ခြင်း စသည့် လူ့ဘဝ အချိန်က နေထိုင်ခဲ့ပုံများကို သရုပ်ဖော် ပြသရခြင်းဖြစ်ကြောင်း ကန္နားစီး တစ်ဦးက ပြောသည်။


သထုံမြို့၌ အောက်တောင်ပြုံး ပွဲတော်ကို ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် အောက်မြန်မာပြည်အရပ်ရပ်မှ နတ်ကန္နားစီးများလာရောက်ဆက်သသည့်ပွဲဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)