သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier စက်ရုံများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier စက်ရုံများ ကြည့်ရှုစစ်ဆေး


MNP ၊ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ သုံးစွဲလျက်ရှိသော Gasifier အမျိုးအစားများအလိုက် အားသာချက်များနှင့် အားနည်းချက်များကို လေ့လာသုံးသပ်၍ ဒေသတွင်း ပညာရှင်များက စွမ်းအားမြင့် စပါးခွံလောင်စာသုံး Gasifier များ တပ်ဆင်တည်ဆောက်၍ အသုံးပြု နိုင်စေရေးအတွက် သင့်လျော်သော ဒီဇိုင်းနှင့် နည်းပညာများကို ပြည်သူများထံ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသော နမူနာများကို ဓာတ်ခွဲစမ်းသပ်၍ ရလဒ်များကို ဆန်းစစ်သုံးသပ်ကာ စက်ရုံမှစွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြန်လည်တင်ပြမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။


ဇူလိုင် ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ကျုံပျော်ခရိုင် အထောင်မြို့နယ်တို့ရှိ စပါးခွံလောင်စာသုံး Gasifier စက်ရုံများကို ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းသည်။


ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ ဂျိုးဖြူဆန်စက်အတွင်း စပါးခွံလောင်စာသုံး ဓာတ်ငွေ့ထုတ်စက်ရုံ လည်ပတ်နေမှု၊ ရေစက်များမှ ရေသန့်စင်ကာ စိုက်ခင်းအထိ ရေပေးဝေနေမှုကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင် အထောင်မြို့နယ်ရှိ ချမ်းမြေ့လင်း ဆန်စက်၊ စိုးရွှေနှင်းဆန်စက် နှင့် ဝင်းမေတ္တာဆန်စက်တို့တွင် ခေတ်မီစက်ကြီးများ အသုံးပြု၍ စက်လည်ပတ်နေမှုများနှင့် စပါးခွံလောင်စာသုံးဓာတ်ငွေ့ထုတ်စက် လည်ပတ်နေမှု၊ စွန့်ပစ်ရေများကို ရေစစ်ကန်များဖြင့် သန့်စင်စွန့်ပစ်နေမှု၊ ထွက်ရှိလာသည့်ပြာနှင့် ကတ္တရာများ ဖယ်ရှားနိုင်မှု၊ အင်ဂျင်နှင့် ဒိုင်နမိုတပ်ဆင်အသုံးပြုမှုများကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်)တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာ အထက်တန်း ကျောင်းများမှ တာဝန်ရှိသူများကိုတွေ့ဆုံခဲ့ပြီး စက်ရုံပိုင်ရှင်များနှင့် ချိတ်ဆက်၍ စပါးခွံလောင်စာသုံး Gasifier စက်ရုံများ ဖွံ့ဖြိုးတိုးတက်စွာ အသုံးပြုနိုင်ရေးအတွက် အထောက်အကူ ပြုနိုင်မည့်လက်တွေ့ကျသည့် သုတေသနများကို ဆောင်ရွက်၍ ရလဒ်များကို မျှဝေပေးရန်၊ လိုအပ်သည့် နည်းပညာများ လွှဲပြောင်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)