Pages

Pages

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပလျက်ရှိ






MNP ၊ အောက်တိုဘာ ၂၁

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယမန်နေ့က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် ခန်းမအတွင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့် ပုလဲအတွဲများနှင့် ကျောက်မျက်အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။

ပုလဲအတွဲများကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ခင်းကျင်းပြသပြီးအောက်တိုဘာ ၂၁ နှင့် ၂၂ ရက်များတွင် ရောင်းချပေးသွားမည်ဖြစ်၍ ကျောက်မျက်အတွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၃ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကာ ကျောက်စိမ်းအတွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ယခုရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၄၀၂၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ပုလဲအတွဲ များကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق