MNP ၊ အောက်တိုဘာ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယမန်နေ့က မန္တလေးမြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ - တရုတ် အမြွှာညီအစ်မမြို့တော် မီဒီယာဖိုရမ် (2023 China-Myanmar Twin City Media Forum ) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးမှာကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများ၊ တရုတ် - မြန်မာ ချစ်ကြည်ရေးအသင်း၊ ကွမ်တုံးဗုဒ္ဓဘာသာဘုရားကျောင်း၊ ဖုကျန့်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် မြန်မာ- တရုတ် Twin City မီဒီယာဖိုရမ်အား မြန်မာနိုင်ငံတွင် လာရောက်ကျင်းပရေးနှင့်စပ်လျဉ်း၍ စက်တင်ဘာ ၂၅ ရက်က ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး Twin City မီဒီယာဖိုရမ်ကို မြန်မာနိုင်ငံတွင် ကျင်းပရန်ပဏာမဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကူမင်းမြို့နှင့် မန္တလေးမြို့တို့သည် Twin City, Sister Cities များဖြစ်သဖြင့် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာ - တရုတ် Twin City မီဒီယာဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့်မန်စီမြို့တို့တွင် သုံးကြိမ်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ Twin City မီဒီယာဖိုရမ်သည် နှစ်နိုင်ငံချစ်ကြည်ရေး၊ သတင်းတု/ သတင်းမှားတိုက်ဖျက်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းများဖြစ်သည့်အတွက် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မြန်မာ - တရုတ် Twin City မီဒီယာဖိုရမ် ဖွင့်ပွဲအခမ်းအနားကြီးကို မန္တလေးမြို့၌ လာရောက်ကျင်းပသည့်အတွက် အထူးပင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က ၂၀၂၃ ခုနှစ် မြန်မာ - တရုတ် Twin City မီဒီယာဖိုရမ်ကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်က Forum လုပ်ဆောင်မည့် အစီအစဉ်များကို Online မှတစ်ဆင့် ပါဝင်ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသူများက ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
မြန်မာ - တရုတ် Twin City မီဒီယာဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ စတုတ္ထပတ်ခန့်တွင် မန္တလေးမြို့ ရတနာပုံခန်းမ၌ လည်းကောင်း၊ ဖိုရမ်ဆွေးနွေးပွဲကို နေပြည်တော်တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့ရှိ ရတနာပုံခန်းမကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရတနာပုံခန်းမကို ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၃ဝ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မန္တလေးမြို့ ၇၈ လမ်း၊ ၃၈ လမ်းထောင့်မြေဧရိယာ ခြောက်ဧကပေါ်တွင် ဆောက်လုပ်ထားရှိသည်။
ရတနာပုံခန်းမဖွင့်ပွဲအခမ်းအနားကို ၁၇-၅-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရတနာပုံခန်းမမှ ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် မင်္ဂလာဆောင်အခမ်းအနားများ၊ ညစာစားပွဲများ၊ မွေးနေ့ပါတီပွဲများ၊ နှစ်ပတ်လည်အခမ်းအနားများ၊ မိတ်ဆုံစားပွဲများ၊ စာတမ်းဖတ်ပွဲ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘွဲ့နှင်းသဘင်အခမ်းအနားများ၊ ဖျော်ဖြေရေးနှင့် ဈေးကွက်မြှင့်တင်ရေးပွဲများ ပါဝင်သည့်အတွက် ၂၀၂၃ ခုနှစ် မြန်မာ - တရုတ် အမြွှာညီအစ်မမြို့တော် မီဒီယာဖိုရမ်ကို ရတနာပုံခန်းမတွင် ကျင်းပရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံခန်းမ Ground Floor တွင် ဝန်ဆောင်မှုပေးနိုင်သည့် အခန်း ၆ ခန်းပါရှိကာ ပထမထပ်တွင် အခန်း ၅ ခန်းပါရှိပြီး ရတနာပုံခန်းမ အပေါ်ဆင့်တွင် လူဦးရေ ၂၂၂ ဦး ဝင်ဆံ့သည့် အခန်း၊ ကားရပ်နားရန်နေရာနှင့် ဆိုင်ကယ်ရပ်နားရန်နေရာများ ပါဝင်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မန္တလေးရုံးခွဲ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးပုံနှိပ် စက်ရုံ၊ ကိုယ်ပွားသတင်းစာတိုက် (မန္တလေး)တို့မှ ဝန်ထမ်းများအား တွေ့ဆုံမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق