တာမွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ





MNP ၊ အောက်တိုဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၅)မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က အဆိုပါ မူလတန်းကြိုကျောင်းခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာမွေမြို့နယ်ရှိ အမှတ်(၅)မူလတန်းကြို ကျောင်းမှ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ရင်သွေးငယ်လေးများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းမြင့်က “ လူမှု ဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်ထဲက ပထမဆုံးလုပ်ငန်းနံပါတ်(၁)ဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေနဲ့ ဌာနပိုင်မူကြိုကျောင်းများ ဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မူလတန်းကြိုကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ နေရာတွေမှာလည်း မိခင်ဝိုင်းများ ဖွင့်လှစ်ပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေ ပါကြောင်း၊ မူကြိုအရွယ် ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အစာအာဟာရပြည့်ဝစွာ ကျွေးမွေးဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့၊ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေရရှိအောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်တဲ့ အတွက်ကြောင့် ဌာနပိုင်မူလတန်းကြိုကျောင်းတွေမှာဆိုရင် ကလေးတစ်ဦးရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစာ အာဟာရပြည့်ဝဖို့၊ လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေ၊ လွတ်လပ်စွာ ကစားခြင်းစတဲ့ ကလေးတွေရဲ့ အဓိက လိုအပ်ချက်ကို လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေမှာ နေ့အလိုက် အချိန်ဇယားများ ရေးဆွဲပြီး သင်ကြားနည်း(၄)နည်းနဲ့ စနစ်တကျပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးနေပါကြောင်း၊ ၂၀၁၉-ခုနှစ်မှာ ထုတ်ပြန် ထားတဲ့ မြန်မာနိုင်ငံကလေးသူငယ်ဥပဒေနှင့် ၂၀၁၉-ခုနှစ်မှာ အသစ်ထုတ်ပြန်ထားတဲ့ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက် ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်ဆိုတဲ့အတိုင်း ကလေးအားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ယခုလိုကျောင်းတွင်းပွဲများကိုလည်း ကျင်းပဆောင်ရွက်နေပါကြောင်း၊ ယခုလိုပွဲများ ဆောင်ရွက်တဲ့နေရာမှာ မိဘ များရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါကြောင်း၊ ပြိုင်ပွဲတွေလုပ်ရတဲ့ ရည်ရွယ် ချက်ကတော့ ကလေးတွေရဲ့ မွေးရာပါစွမ်းရည်နဲ့ ဝါဿနာကို ဖော်ထုတ်ပေးတာပဲဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ဖို့ အတွက် မိဘများရဲ့ ပံ့ပိုးကူညီအားပေးမှုတွေကို အခြေခံပြီး ဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ ပွဲကြီးစည်ကား သိုက် မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် မိဘများအားလုံးက အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးတွေကို အုတ်မြစ်အခြေခိုင်စေဖို့၊ ကလေးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘများအနေဖြင့် ဆရာမများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တာမွေ မြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူက ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး ၂ဝ၂၂-၂ဝ၂၃ ခုနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ်ရှိ အမှတ် (၅) မူလတန်းကြိုကျောင်း၏ ၂ဝ၂၂-၂၀၂၃ ခုနှစ် မိဘဆရာအသင်း အမှုဆောင်ဟောင်းများ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပြီး မိဘဆရာအသင်းအမှုဆောင်အသစ်များ၏ အမည်စာရင်းအား ဖတ်ကြားကြေညာခဲ့သည်။ 


ဆက်လက်ပြီး တာမွေမြို့နယ်ရှိ အမှတ် (၅) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက မောင်ရွှေရိုး သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ကျောင်းတွင်းပြုလုပ်ခဲ့သော အငယ်ဆင့်၊ အကြီးဆင့် ပန်းချီပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)