လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ ဇန်နဝါရီ ၆

လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မိုးကြို ကာလများဖြစ်သော မတ်လ၊ ဧပြီလ၊ မေလတို့တွင် နိုင်ငံအနှံ့လေပြင်းတိုက်ခတ် မှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိပြီး လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်များ၊ အဆောက်အအုံများ အမိုးလန်ခြင်း၊ ပြိုကျခြင်း စသည့်ထိခိုက်ပျက်စီးမှုများကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း ၁၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုအများ ဆုံးနှစ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ကြိုတင်အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အထိ ငါးနှစ်တာကာလအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ယခင် ဆောင်ရွက်နေကျ တိုင်းဒေသကြီး /ပြည်နယ်များအပြင် မွန်ပြည်နယ်နှင့်ရခိုင် ပြည်နယ်တို့တွင်လည်းကောင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်းကောင်း ထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း။

ယခုနှစ်တွင်လည်း တိုင်းဒေသကြီး/ပြည်နယ် ကိုးခုတွင် နေအိမ်ပေါင်း ၁၉၅၄၀ ကို ရန်ပုံငွေကျပ်သန်း ၉၄၅ ဒသမ ၅၈၀ ကျခံသုံးစွဲကာ အားဖြည့်ပြင်ဆင်သွားမည် ဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် အမျိုးသားကော်မတီဥက္ကဋ္ဌ၏ ညွှန်ကြားချက်နှင့်အညီမိမိတို့ ဒေသအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရပ်ရွာအတွင်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက် ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသော ရပ်ရွာအသိုက်အဝန်းများ ဖြစ်ပေါ်နိုင်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် ရှမ်းပြည်နယ်ဦးစီးမှူးတို့က ယခုနှစ်အတွင်း လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် စီစဉ်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီးသန်လျင်ခရိုင် ကျောက်တန်းမြို့နယ်မီးပြကျေးရွာအုပ်စု မီးပြကျေးရွာနှင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် နန်းပန်မြို့ ရပ်ကွက်(၃)တွင် လေပြင်းဒဏ်ခံနိုင်ရည် အားနည်းပါးသည့် နေအိမ်များ မွမ်းမံပြင်ဆင်ခြင်း လက်တွေ့ဆောင်ရွက်နေမှု အခြေအနေကို Online ဖြင့် တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် နေအိမ် ပေါင်း ၅၅၀၀၀ ကျော်ကို ရန်ပုံငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်ကျခံသုံးစွဲပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုတွင်နေအိမ်ပေါင်း ၁၉၅၄၀ ကို ရန်ပုံငွေကျပ် သန်း ၉၄၅ ဒသမ ၅၈၀ ဖြင့် အားဖြည့်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)