ရန်ကုန်၊ ဇန်နဝါရီ ၂၀
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော် ၁၃ ပါးအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်း သဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုပူဇော်ကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ် ရေးအဖွဲ့ ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု တိပိဋကဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာ ဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
ထို့နောက် နိုင်ငံတော် သံဃ မဟာနာယက ဥက္ကဋ္ဌဆရာတော်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နဝကမ္မ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက (၁၀၆) ကြိမ်မြောက် စေတိ ယင်္ဂဏ ပရိယတ္တိဓမ္မာ နုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်ငါးပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော်ရှစ်ပါးတို့အား ထုံးတမ်းအစဉ်အလာများနှင့်အညီ အောင်စဉ်အလိုက် ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊ စေတိယင်္ဂဏနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇေတိက ဓဇ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ ပါဠိပါရဂူ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost











ليست هناك تعليقات:
إرسال تعليق