ကရင်ပြည်နယ်ဝန်ကြီးချုပ် စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စူဋ္ဌဘွဲ့နှင်းသဘင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စူဋ္ဌဘွဲ့နှင်းသဘင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူ




ဘားအံ၊ ဇန်နဝါရီ ၁၉

သာသနာတော်နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ခေမာရာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသောပါက အမှူးပြုသော အထူးပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍ စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ထူးမခြားနားဘုရားရောင်တော်ဖွင့် ဓမ္မတေးသီချင်းကို တီးခတ်သီဆိုပူဇော်ကာ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက အထူးပင့်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက စာအောင်သံဃာတော်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၄ ခုနှစ်တွင် ဖြေဆိုကြသည့်ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ အဘိဓမ္မာရိုးရိုးနှင့် ယဉ်ကျေးမှုစာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်(၃၁၃)ပါးနှင့် လူပုဂ္ဂိုလ်(၇)ဦးတို့အား စာအောင်ဆုများ ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် စာအောင်သံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များအား ဂုဏ်ပြုတေးထပ်ဖြင့် သီဆိုပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့ကနိုင်ငံတော်ဩဝါဒါစရိယကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်များ၏ဒါယကာ၊ ဒါယိကာမများက စာအောင်သံဃာတော်များ၊ သာမ‌ဏေများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)