ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်အတူ ၂၅-၁-၂၀၂၅ ရက်နေ့က ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နေနိုင်ရန် နေ့/ည ရာသီမရွေးပင်လယ်ထဲနှင့် ရေလမ်းကြောင်းတစ်လျှောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ဌာနအတွက် အရေးပါသည့်ကဏ္ဍတွင်ပါဝင်ကြောင်း၊ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာဖြင့် တည်ဆောက်ထားသော Pilot Station ကိုလည်း ရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေး တန်ဖိုးထားဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အတွက်ဝင်ငွေများ တိုးတက်ရှာဖွေပေးနိုင်ကြရန် တိုက်တွန်းအားပေးစကားပြောကြားသည်။

ဆက်လက်၍ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Pilot Station တည်ဆောက်ခြင်း ဆိုင်ရာအချက်အလက်များ၊ Pilot Transfer Operation ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရေကြောင်းပြစခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။

ဒုတိယဝန်ကြီးသည် အသွားအပြန်ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားများ၊ ရေလမ်းကြောင်း ကောင်းမွန်အောင်သတ်မှတ်ရေအနက်ကို ထိန်းထားနိုင်ရန် သောင်တူးဖော်ဆောင်ရွက်လျက်ရှိသည့်နေရာများ၊ ရေလမ်းကြောင်းတစ်လျှောက် ရေလမ်းကြောင်းအချက်ပြ မီးဗော်ယာများ စနစ်တကျ နေရာချထားမှုအခြေအနေများနှင့် ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းနေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News #Yangon

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)