မန်းရွှေစက်တော်၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန်းရွှေစက်တော်၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပမည်


မင်းဘူး၊ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလ ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

“အနယ်နယ်အရပ်ရပ်က ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ရင်း ညအိပ်တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင်အခန်းပေါင်း ၆၀၀ ကျော်နဲ့ ဈေးဆိုင် ခန်းပေါင်း ၈၀၀ ကျော်ကို စတင်ဆောက်လုပ်နေပါတယ်။ လက်ရှိမှာတော့ နမ္မဒါတည်းခိုဆောင် အပါအဝင် ငွေသောင်ယံနှင့် မန်းချောင်းသောင်ပြင် တစ်လျှောက် တည်းခိုဆောင်နဲ့ ဈေးဆိုင်ခန်းပေါင်း ၁၄၀ ကျော်ကတော့ ဆောက်လုပ်ပြီးစီးနေပါပြီ။

ဘုရားပရိဝုဏ်အတွင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအားလုံးကို မကြာမီရက်ပိုင်းအတွင်း အပြီးဆောင်ရွက်သွားမှာပါ။ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်စေဖို့အတွက် တည်းခိုဆောင်ငှားရမ်းခတွေကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သလို ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောကြားသည်။

မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင်တံတား (အထူး တံတား) တစ်စင်းကို ဆောက်လုပ်ပေးထားကာ မင်းဘူး-ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရသည်။


မောင်မောင်(မင်းဘူး)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)