(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်

ဝမ်းမြောက်စွာလျှောက်ထားအပ်ပါသည်ဘုရား-

ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကို ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဦးအစတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါ သာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပနေကြောင်း သိရှိရပါသည်ဘုရား။

တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး ရက်အရှည်ဆုံးကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရ ဘွဲ့တံဆိပ်တော်ရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါသည်ဘုရား။

ထို့ကြောင့်ပင် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ထုတ်ပြန်လာမည့် အောင်စာရင်းစောင့်မျှော်နေခဲ့ရာ ဆရာတော်သည် ယခုနှစ် (၇၇)ကြိမ်မြောက်ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္မာ(နောက်ပိုင်း)ဖြစ်သော ယမကနှင့် ပဋ္ဌာနဟူသော ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ်သဘောအဓိပ္ပာယ်များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ် ထီးဖြူတော်(၃)လက်အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည်ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ခံစားရပါသည်ဘုရား။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွာဗုကြီးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၆၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)မိုင်၊ စော်ဘွားလေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် ဂဏဝါစက သာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာ သာမဏေကျော်၊ ပရိယတ္တိသာသနဟိတ သာမဏေကျော်များ၊ ၁၃၆၁ ခုနှစ်တွင် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံးဒုတိယ) သာသနဓဇဓမ္မာစရိယ၊ နိကာယုဇ္ဇောတက ဝိနယဓရဓမ္မာစရိယ၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒ ဒီဃဘာဏက၊ နိကာယဝုဍ္ဎိသမိတိ ဝိနယကောဝိဒ၊ နိကာယဝုဍ္ဎိသမိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိသာသန ဟိတဝိနယဓရ၊ ပရိယတ္တိသာသနဟိတ ဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာဂန္ထဝံသ မူလအဘိဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒ စသည့်ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၉ ခုနှစ် ကျင်းပသော အကြိမ်(၇၀)မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟုဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိကဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါသည်ဘုရား။

တပည့်တော်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ယခုနှစ်ကျင်းပသော (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှ ဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိသာသနာတော်အတွက် တပည့်ရဟန်း သံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၇)ပါးမြောက် တိပိဋက ဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းလျှောက်ထားအပ်ပါသည်ဘုရား။


မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)