Pages

Pages

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာအကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၂၃ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၃၆၃၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၆၁၇၁၄၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၁၉၈၀၁၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ဇန်နဝါရီ ၂၄ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၆၇၂ တန်၊ သစ်မာ ၀ ဒသမ ၅၀၁ တန်၊ အခြားသစ်တန် ၈ ဒသမ ၂၈၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၅၁၉၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကျုံစုကျေးရွာ မွေးမြူရေးဇုန်ရှိ အမှတ် (၇၄/က) သိုလှောင်ရုံ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ခုနစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀၇၈၄၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၀၇၈၄၆၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူ ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၆ ဒသမ ၈၆၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၃၇၆၈၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ပြည်ခရိုင် ပြည်မြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၃၇၆၈၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၂၃ ရက်၊ ၂၄ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၇၅၇၁၄၇၈) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများဈေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် ဈေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق